Sunday, 23 July 2017
တစ်​ချိန်​တစ်ခါက​​လောင်း​လှေကြီး နှစ်​စင်း
" ဟိုး...တစ်ချိန်တစ်ခါက ပူဇော်ပွဲများ၏ အနှစ်သာရများ
နှင့်
လောင်းလှေကြီး နှစ်စင်း "
အကြင်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းတော်၏ ပညာကို ခံယူထားသည် ဆိုပါက....
ထိုသူသည် စုန်း ၊ ကဝေ ၊ အောက်လမ်း ၊ မိစ္ဆာ ၊ နတ်ဆိုးတို့၏ နှောက်ယှက် ပြုစား တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်၏။
စုန်း ၊ ကဝေ ၊ အောက်လမ်း ၊ မိစ္ဆာ ၊ နတ်ဆိုးတို့၏ နှောက်ယှက် ပြုစား တိုက်ခိုက်ခြင်းကို ခံရသော ဝေနေယျ သတ္တဝါတို့အား ကုသကယ်တင် ပေးနိုင်စွမ်း၏။
မြွေအဆိပ် ၊ ကင်းအဆိပ် ၊ ခွေးရူးအဆိပ် ၊ စသော အဆိပ်မှန်သမျှအား ပျောက်ကင်းအောင် ကုသ ပေးနိုင်စွမ်း ရှိ၏။
ဝိဇ္ဇာဆရာမြတ်တို့၏ ပညာကို ခံယူသောကြောင့် ဝိဇ္ဇာတို့၏ တပည့် သားသမီးအဖြစ်သို့ ရရှိလာ၏။
ကြိုးစားအားထုတ်ခြင်းဖြင့် ဝိဇ္ဇာဓိုရ်အဖြစ် ထွက်ရပ်ပေါက်နိုင်၏။ ဤပညာမခံယူထားသော သူများထက်ပို၍ ဝိဇ္ဇာဓိုရ် ဖြစ်ရန်နီးစပ်၏။ ဖြစ်နိုင်၏။
သို့သော် ဤရွှေရင်ကျော်ပညာကို ခံယူထားရုံမျှဖြင့် ဝိဇ္ဇာအဖြစ် ထွက်ရပ်ပေါက်မည်ဟု မည်သူ့ကိုမျှ အာမ မခံထားပေ။
ဝိဇ္ဇာအဖြစ် ထွက်ရပ်ပေါက်ရန် အကြောင်းတရား ညီညွတ်သူများသာ လူသာမာန်တို့ စိတ်မျှမကူးဝံ့သော သိဒ္ဓိ ဣဒ္ဓိဝိဒ စုံလင်သည့် ဝိဇ္ဇာဓိုရ် အဖြစ်ကို ရောက်ပေလိမ့်မည်။
ဝိဇ္ဇာဖြစ်စေသည့် အကျင့်တရားကို ကျင့်ကြံ အားထုတ်မှသာ ဝိဇ္ဇာအဖြစ် ထွက်ရပ်ပေါက် ပေလိမ့်မည်။
ထို့အပြင်.....
အောက်လမ်း မိစ္ဆာ စုန်း ကဝေ နတ်ဆိုးတို့အပေါ် အောင်နိုင်ခြင်း ၊ ကြိုးပိုင် ကြိမ်ပိုင် ဒုတ်ပိုင် ဓားပိုင် ၊ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ ဂန္ဓဗ္ဗ ၊ မြို့တော်ရှင် ရွာတော်ရှင်များနှင့် သက်ဆိုင်ရာ အစောင့်အရှောက် နတ်များအပေါ် အမိန့်ပေး စေစားနိုင်ခြင်း ၊ အများ၏ ရှိခိုးပူဇော် ကန်တော့ခြင်းကို ခံရခြင်း ၊ စသည့် လူသာမာန်တို့ထက် သာလွန်သော အစွမ်းသတ္တိများသည် ရွှေရင်ကျော်ဆေးတော်ကြီးနှင့် ပညာ ၊ သစ္စာ ၃ ချက်တို့ကြောင့်သာလျှင် အကြောင်းဖြစ်၏။
ရွှေရင်ကျော်ပညာ သစ္စာ နှင့် ဆေးတော်မပါလျှင် အထက်ပါ အစွမ်းသတ္တိများ အကြင်ပုဂ္ဂိုလ်၌ မရှိနိုင်ပေ။ မရနိုင်ပေ။ ထို့ကြောင့် ရွှေရင်ကျော် ပညာခံယူ ထားသူတို့ ရရှိအပ်သော ထိုထိုအစွမ်းသိဒ္ဓိတို့သည် ပညာ၏အစွမ်းကြောင့်သာလျှင် ဖြစ်၏။ ဆေးတော်၏ အစွမ်းကြောင့်သာလျှင် ဖြစ်၏။
ရွှေရင်ကျော်ပညာခံယူထားသူအဖို့ အမှန်တကယ် ဘုန်းတန်ခိုးကြီး၍ ထွက်ရပ်ပေါက်လိုပါလျှင် ..... သာဿနာပြုရာ၌.....
ဘာပဲလုပ်လုပ် ဂိုဏ်းတော်သည်သာ အဓိက ဖြစ်စေရမည် ဖြစ်၏။
ဂိုဏ်းတော်အပေါ်၌ လည်းကောင်း
ဆေးတော်အပေါ်၌ လည်းကောင်း
ဆိုထားသည့် သစ္စာ အပေါ်၌ လည်းကောင်း
ဆရာအပေါ်၌ လည်းကောင်း
သစ္စာရှိရာ၏။
မည်သို့သော အကြောင်း ကိစ္စနှင့်မဆို....
ဂိုဏ်းတော်အား လည်းကောင်း
ဆေးတော်အား လည်းကောင်း
ဆရာအား လည်းကောင်း
ပညာညီအကို မောင်နှမ အချင်းချင်းသော် လည်းကောင်း
မဝေဖန်အပ် ၊ မပုတ်ခတ်၊ မစော်ကားအပ်ပါ ။
လူမှန်းသိတတ်စ ကလေးဘဝအရွယ် ရွှေရင်ကျော်ပညာကို စတင်ခံယူခွင့် ရရှိခဲ့သည်မှ ယခုအချိန်ထိ နှစ်ပေါင်း ၄၀ ကျော်တွင် ကြူံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ......
ဆရာအပေါ် ဝေဖန်ပုတ်ခတ် စော်ကား ကျော်လွှားသူများ ဘုန်းတန်ခိုးအရာ၌ ထိပ်တန်းသို့ ရောက်မလာကြပါ။
ဥပဇ္ဈာယ် ဆရာအား ဝေဖန်ပုတ်ခတ် စော်ကား၍ အမေကျော် ဒွေးတော်လွမ်းသလို ဆရာကို ပယ်ဖျောက်၍ ကျော်လွှားခဲ့သဖြင့် ရူးသွပ်ခဲ့ရသူများ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပြီ။
ဆရာ့ဘက်မှ မှားယွင်းသည့်တိုင် သည်းခံလျက် တပည့်ဝတ် မပျက်ခဲ့ကြသော ထိုတပည့်မြတ်တို့ ကား ပညာစခန်းပွင့်လန်းလျှက် ဆရာ့ထက်ပင် သာလွန်သော ဘုန်းတန်ခိုးတို့ ရရှိခဲ့ကြ၏။
တပည့်တို့အပေါ်၌ မတရားသဖြင့် အုပ်ချုပ်ကြသော၊ ချိုးနှိမ်လျက် မြေတောင်မမြှောက်ပေးသော ဆရာအချို့လည်း ကျော်ဇောခြင်း ကွယ်ပျောက်လျှက် ဘုန်းတန်ခိုး မှေးမှိန်ခဲ့ကြပြီ။
မိမိအတွက် ဦးတည်ပြုလုပ်သော ၊ မိမိနာမည် ကြီးစေရန်သာ ဆန္ဒရှိသော ၊ အရာရာသော အစွမ်းသတ္တိတို့သည် မိမိကြောင့်သာလျှင် ဖြစ်ပေသည်ဟု အထင်ရှိစေသော ၊ ငါသာလျှင် ဆရာ ငါသာလျှင် အမြတ်ဆုံးဟု ငါ.. ငါ မာန်မာန တက်ကြသူများ ဇာတ်သိမ်း မလှခဲ့ကြပါ ။
ထို့ကြောင့် " ဘုန်း ( တန်ခိုး )နောက်ကို လူမလိုက်နှင့် လူနောက်ကို ဘုန်းလိုက်ပါစေ " ဟု အဖကြီးဦးမြခင် ဆုံးမခဲ့ခြင်း ဖြစ်သည် ။
ဆေးတော်နှင့်ပညာကို အသက်ပမာ တန်ဖိုးထားသူ....
ဂိုဏ်းတော်နှင့်ပညာကို ဦးထိပ်ထားသူ...
ပြုအပ်သော အရာတို့၌ ဂိုဏ်းတော်နှင့်ပညာ အတွက်သာ ဦးတည်ဆောင်ရွက်သူ....
ငါ..ဟူသော မာန်မာနကင်းစင်လျှက် ဂိုဏ်းတော် ဆေးတော် နှင့် ဆရာ ပညာတို့၏ ဂုဏ်ကျေးဇူးကို ဦးထိပ်ပန်ဆင် အဓိကထားသူ....
ထိုသို့သော အကြင်ပုဂ္ဂိုလ်မြတ်သည်............................................
အပူဇော်ခံ ကန်တော့ခံ ဆရာကြီးအဖြစ်သို့ လည်းကောင်း ။ ဘုန်းတန်ခိုး အရှိန်အဝါ ကြီးမား ကျော်ဇောခြင်း အဖြစ်သို့လည်းကောင်း ။ သိဒ္ဓိ ၁၀ ပါးအနက် မိမိနှင့် ထိုက်တန်သော သိဒ္ဓိများ ရရှိစေခြင်း အဖြစ်သို့ လည်းကောင်း ။ ဧကန်မလွဲ ရောက်ရှိပေမည်။
ထိုအခြေအနေသို့ ရောက်ရှိပြီးနောက် ၈ပါး သီလကို အထူးလုံခြုံစေလျက် သမာဓိကို တည်မြဲအောင် ကျင့်ဆောင်ပါလေ။ ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ အဘဘိုးတော်ပြူး အဘဘိုးတော်စင်္ကြာမင်း ၊ အဘဘိုးတော်ပွင့် ၊ အဘဘိုးတော်ဟန် နှင့် အဖေကြီးဦးမြခင်တို့အနက်မှ တစ်ပါးပါးသော ဆရာအရှင်ဝိဇ္ဇာမြတ်သည် ထွက်ရပ်ပေါက်လမ်းစဉ် အတွက် လိုအပ်သော အကျင့်အဓိဌာန်များကို ဧကန်မုချ လမ်းညွှန်ပြပါလိမ့်မည်။
ဤသည်ကား ရွှေရင်ကျော်ပညာကို ခံယူ၍ ကောင်းမွန်စွာ လိုက်နာကျင့်ကြံကြသူတို့ ရရှိအပ်သော အကျိုးထူးများဖြစ်သည်။
ထိုထိုသော ကောင်းကျိုးများကို ရရှိစေတတ်သည့် ဤအထက်လမ်းပညာရပ်ကို ပေးသနားတော်မူခဲ့သည် ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန်အားလည်းကောင်း ၊ အဖေကြီးဦးမြခင်အား လည်းကောင်း ၊ဥပဇ္ဈာယ်ဆရာအားလည်းကောင်း နှစ်စဉ် အာစရိယပူဇော်ပွဲများကျင်းပလျက် ကျေးဇူးတော်ကို ဂါဝရပြုကြ၏။
အထူးသဖြင့် ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန်၏ ပူဇော်ပွဲသည်မမေ့အပ်သောပူဇော်ပွဲဖြစ်သည်။
ထို့ကြောင့် အဘဆရာတော်ကြီးများ ပူဇော်ပွဲကို နှစ်စဉ် နှစ်တိုင်း ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့ကြ၏။ ကျင်းပခဲ့ကြ၏။
ထို့အပြင် ပူဇော်ပွဲ ကျင်းပစဉ်ကာလ ညအခါများတွင် အတွေ့အကြုံရင့်ကျက်သူ ဆရာကြီးများထံမှ ပယောဂကုထုံးများ အကြောင်း၊ အောက်လမ်းမိစ္ဆာတို့၏ လှည့်ပါတ်တတ်ပုံများ အကြောင်း ၊ ကုသရာ၌ ကြူံတွေ့ရတတ်သော အကြောင်းအရာများကို မငြီးငွေ့စတမ်း မိုးလင်းပေါက် နားထောင်၍ ပညာယူခဲ့ကြသည်။
ရှင်းပြသူ ဆရာကြီးများကလည်း ကိုယ်ရည်သွေး ကြွားလုံးမပါစေဘဲ ဂိုဏ်းတော်နှင့်ပညာ အကြောင်းကို အာဝဇွမ်းရွှင်ရွှင်ဖြင့် ဟောပြောကြသည်မှာ အလွန်ပင် တန်ဖိုးရှိလှသည်။
ဤ ​နေရာတွင်​ ဂိုဏ်းတော် ၊ ဆေးတော် ၊ ပညာနှင့် ပါတ်သက်သည့် အရေးကြီး အကြောင်းအရာများသည် ထိုကဲ့သို့ ပူဇော်ပွဲများမှ ရရှိခဲ့သော ဗဟုသုတများပင် ဖြစ်လေ၏။
ဂိုဏ်းတော်နှင့်ပါတ်သက်ပြီး မှားယွင်းစွာ ပြုလုပ် နေသူများအား သက်ဆိုင်ရာဥပဇ္ဈာယ်ဆရာမှ သော်လည်းကောင်း ၊ ဆရာ ဆရာကြီးမှသော် လည်းကောင်း ဆုံးမသွန်သင်၍ လမ်းမှန်ကို ညွှန်ပြကြသည်။
ပူဇော်ပွဲ တက်ရောက်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူး မည်မျှကြီးမားသည်ကို တက်ရောက်ဖူးသူများသာ အသိဆုံးဖြစ်မည်။
ပူဇော်ပွဲတစ်ခုတွင် တပည့်တစ်ချို့မှ ၎င်းတို့၏ ဆရာများနှင့် ပါတ်သက်၍ ဝေဖန်ပုတ်ခတ် ပြောကြားသည်ကို နားနှင့်ဆတ်ဆတ် ကြားခဲ့ရသည်။ ထိုသို့ ဝေဖန်သော တပည့်ဖြစ်သူအချို့သည် ရွှေရင်ကျော်ပညာနှင့် ဂိုဏ်းတော်အပေါ် အလွန်ပင် သက်ဝင်ယုံကြည်လျက် ဂိုဏ်းတော်နှင့်ပညာအပေါ် သစ္စာစောင့်သိ ရိုသေကြသူများဖြစ်၏။ သို့သော် ပုထုဇဉ်မျှသာ ဖြစ်သော ဆရာဖြစ်သူ၏ လုပ်ဆောင်ချက် အချို့အပေါ် မကျေမနပ် ဝေဖန်စော်ကားခြင်းသည်ကား ထိုစော်ကားသူ တပည့်အဖို့သာ အပြစ်တရား ဖြစ်ပေတော့မည်။
ဆရာလုပ်သူအချို့၏ ပြုမူပြောဆို လုပ်ကိုင်ပုံများ ၊ တပည့်များအပေါ် အုပ်ချုပ်ပုံများ မှားယွင်းကောင်း မှားယွင်းနိုင်ပါသည်။ လွဲမှားကောင်း လွဲမှားနိုင်ပါသည်။ ထိုသို့သော လွဲမှားမှုများသည် ထိုလွဲမှားမှုပြုသူ ပြန်လည်ရရှိလာမည့် အကျိုးဆက်များသာ ဖြစ်သည်။ ထိုလွဲမှားမှုများကို အဘဆရာတော်များမှ မသိချင်ရောင်ဆောင်၍ ဥပေက္ခာ ပြုထားမည် မဟုတ်ပါ။ ဆရာမှားလျှင်လည်း သူ့သဘော သူဆောင်သွားမည်သာဖြစ်၏။
ဆရာမှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ ဝေဖန် ပုတ်ခတ် စော်ကားမိသောတပည့်သည် ဧကန် ငရဲကြီးပေမည် ။ ဘုန်းတန်ခိုးကြီးစေသော သိဒ္ဓိ ဣဒ္ဓိများနှင့် အလှမ်းဝေးပေမည်။ ထို့ထက် လွန်ကဲစွာ စော်ကားခြင်းများ ပြုလုပ်ပါက အရူးပမာ နေရရှာပေမည်။ ထွက်ရပ်ပေါက်လမ်းနှင့်ကား အဝေးကြီး ဝေးပေတော့မည် ဖြစ်သည်။
ဘုန်းတန်ခိုးကြီးလိုပါက တပည့်ဖြစ်သူအနေဖြင့် ဆရာအပေါ်၌ ဆန့်ကျင်ခြင်းမပြုဘဲ ဆရာအပေါ် ရိုသေလေးစားရန် လိုကြောင်း ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန် မိန့်ကြားခဲ့သည် မဟုတ်ပါလော ။
အဘဘိုးတော်ဟန်၏ ပူဇော်ပွဲကို ဟိုရှေးယခင်က ကဲ့သို့ အနှစ်အရသာ ပြည့်ဝစွာ ကျင်းပနေသော ပူဇော်ပွဲများ ရှိနေပါသေးသည်။ ထိုသို့သော ပူဇော်ပွဲများကို ဦးဆောင်ကျင်းပနေသည့် ဆရာကြီးများ နှင့် တပည့်များအား အမှန်ပင် လေးစားမိပါ၏။
အဘဘိုးတော်ဟန်၏ တပည့်သားသမီး မြေးမြစ် တီတွတ်ကျွတ်များ အနေဖြင့် ဆရာနှင့်တပည့်ကြား ၊ ပညာညီအကို မောင်နှမအချင်းချင်းကြား ဖြစ်ပွားတတ်သော personal matters ခေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာများကို သီးသန့် ဘေးဖယ်ထား၍ ကျင်းပအပ်သော ပူဇော်ပွဲများတွင် ရွှေရင်ကျော်ဂိုဏ်းတော်နှင့် အဘဘိုးတော်ဟန်၏ ဂုဏ်ကျေးဇူးကို ထောက်ရှု၍ အမုန်းမပွားကြပဲ အပြန်အလှန် လေးစားသမှု ရှိနိုင်ကြပါစေသတည်း ။
ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန်၏ ပူဇော်ပွဲ ၊ အဖေကြီးဦးမြခင်၏ ပူဇော်ပွဲ ၊ ဥပဇ္ဈာယ်ဆရာအား ပူဇော်ပွဲများသည် .... ဆရာနှင့် တပည့်အကြား ၊ ပညာညီအကို မောင်နှမအချင်းချင်းကြား ဝေဖန်ပုတ်ခတ် စော်ကားခြင်းကင်းသော ပူဇော်ပွဲ စစ်စစ်သာ ဖြစ်သင့်ပါကြောင်း လေးစားစွာ မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။
အလျဉ်းသင့်၍ အဖေကြီး ဦးမြခင် မက်ခဲ့သော အိမ်မက်တစ်ခုအကြောင်း တင်ပြပါဦမည်။
အဖေကြီးဦးမြခင်၏ အိမ်မက်ထဲတွင် လောင်းလှေကြီးနှစ်စင်းပါ၏။ ပထမလောင်းလှေကြီးတွင် လူ ၂၀၀ ခန့်စီးနင်းလိုက်ပါ၏။ ထိုလောင်းလှေကြီး၏ ထူးခြားချက်မှာ " ဦး " မပါပေ။ ( လှေဦးထိပ်မပါခြင်းကို ဆိုလိုပါသည် )။ လောင်းလှေ၏ ရှေ့ဘက် နောက်ဘက် နှစ်ပိုင်းလုံးသည် " ပဲ့ "ချည်းသာဖြစ်နေ၏။ ရှေ့နောက် " ဦး " မပါ၍ " ပဲ့ " ချည်းသာဖြစ်သော ထိုလောင်းလှေသည် ဦးတည်ရာမရှိဘဲ ရေစီးတိုင်း မျောချင်ရာ မျောနေသည်ဆို၏။
ထိုလောင်းလှေ၏ နောက်နားတွင် " ပဲ့ " နှင့် " ဦး "
တို့ဖြင့် ဦးတည်ရာမှန်သော လောင်းလှေတစ်စင်း သည် ငြိမ်သက်စွာ ရွေ့လျားနေသည်။ ထိုလောင်းလှေ အပေါ်၌ကား စီးသူ တစ်ယောက်မျှ မပါပေ။ ထိုလောင်းလှေ၏ "ဦး" ပိုင်းတွင် မျက်လုံးပုံ ရေးဆွဲထား၏။ ထိုအခိုက်တွင် အဲဒီမျက်လုံးဟာ " နတ်မျက်စိကွ " ဟုပြောလိုက်သော အသံကို ကြားရလေသည်။
ထိုအိမ်မက်အကြောင်းကို အဖေကြီးဦးမြခင်မှ အဘဘိုးတော်ဟန်အား ပြောပြခဲ့၏။ အိမ်မက်၏ နမိတ်နှင့်ပါတ်သက်၍ အဘဘိုးတော်ဟန်မှ......
" ငါ့သား.... လောင်းဟာ ဦးမပါရင် ဘယ်ဆိပ်ကမ်းကို သွားကပ်မလဲ၊ ဦးပါမှ ကပ်လို့ရတယ် ၊ ဦးမပါ
တော့ ဘယ်ကမ်းမှာ ဆိုက်မယ်မသိဘူး ၊ လှော်သွားကြပြီ ၊ တပည့်အချို့တွေ သွားကြပြီ...... "
" မင်းတွေ့ခဲ့တဲ့ ( ဒုတိယ ) လောင်းဟာ ဒို့ စီးရမယ့်လောင်းကွ " ဟု မိန့်ကြားခဲ့သည်။
ထိုအိမ်မက်အရ မိမိသည် မည်သို့သော လောင်းလှေထက် စီးနင်းလိုက်ပါနေသည်ကို သုံးသပ် နိုင်ကြပါစေ။။။
( ထိုအိမ်မက်သည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏။ ထွက်ရပ်လမ်းပေါက်လိုသူများ အတွက် လမ်းစဉ်ပြ အိမ်မက်တစ်ခုလည်း ဖြစ်၏။ ဝိဇ္ဇာဖြစ်လိုသူ တပည့်အပေါင်းအား မျက်စပစ်နေသော ထူးခြားချက်ဖြစ်၏။ ထိုအိမ်မက်အကြောင်း အပြည့်အစုံကို စိတ်ဝင်စားသူများ ရှိပါက ထပ်မံတင်ပြပါမည်။ )
No comments:
Post a Comment