Saturday, 22 July 2017

ဘုန်း - နောက်ကို လူမလိုက်နှင့် လူ - နောက်ကို ဘုန်းလိုက်ပါစေ




••" ဘုန်း - နောက်ကို လူမလိုက်နှင့်
                လူ - နောက်ကို ဘုန်းလိုက်ပါစေ " ••

Social network ခေါ် လူမူဆက်သွယ်ရေး ကွန်ယက်များ ပျံနှံ့လာသည်နှင့်အမျှ ဟိုယခင် ကာလများကတည်းက ထင်ပေါ် ကျော်ကြားခဲ့သော ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းသည် ရွှေရင်ကျော် ဂိုဏ်းဝင် ဆရာ ဆရာမများ၏ ကြိုးစားမှုကြောင့် ပိုမို ထင်ရှားလာ၏။ ပို၍ လူသိများလာ၏။

အထူးသဖြင့် လူငယ် လူရွယ် အများစုသည် ပညာ အပေါ်၌ လည်းကောင်း၊ ဂိုဏ်းတော် အပေါ်၌ လည်းကောင်း အထူးတလည် စိတ်ဝင်စားမှု ရှိလာကြ၏။ ရွှေရင်ကျော် ပညာအား ခံယူလာကြ၏။ ထို မျိုးဆက်သစ် ညီဆရာ ညီမဆရာမတို့အား ၎င်းတို့ အသီးသီး၏ ဥပစ္ဇျာယ် ဆရာတို့မှ သိသင့် သိထိုက်သည်များကို လမ်းညွှန် ဆုံးမ သွန်သင်ခဲ့ပြီး ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် အရေအတွက် အနည်းငယ်မျှသော အချို့ ဆရာတို့သည် အဘဘိုးတော်ဟန် ချမှတ်ခဲ့သော ဂိုဏ်းမူ ဂိုဏ်းစည်းကမ်းတို့နှင့် တစ်နည်းတစ်ဖုံ ကွဲပြားစွာ လက်ခံကျင့်သုံးနေသည်လည်း ရှိနေပြန်၏။ ထိုထိုသော အနည်းစု ဆရာတို့၌ ပညာခံယူမိကြသော မျိုးဆက်သစ် တပည့်တို့သည် မိမိတို့ ဥပစ္ဇျာယ် ဆရာ၏ လွဲမှားသော အယူအဆများကို နားယောင် လက်ခံမိပါက ထိုတပည့်များ၏ အနာဂါတ်သည် လှပသင့်သလောက် လှပမည် မဟုတ်ပေ၊ တောက်ပြောင်သင့်သလောက် တောက်ပြောင်မည် မဟုတ်ပေ။

ထိုသို့သော မျိုးဆက်သစ် ညီဆရာ ညီမဆရာမ များအတွက် ရည်ရွယ်၍ ရွှေရင်ကျော်ကျေးဇူးရှင် အဖေကြီးဦးမြခင်၏ ဆုံးမစကားများအနက် သိမှတ် လိုက်နာဘွယ် အချို့အချက်များအား ထုတ်နှတ် တင်ပြလိုက်ခြင်း ဖြစ်၏။

ဤသို့တင်ပြရာ၌ အဖေကြီး ဦးမြခင်၏ မူရင်း ပြောဆိုချက်များအတိုင်း ၏သည်မလွဲ ရေးသား တင်ပြခြင်းသာ ဖြစ်သည်။

@@ " ဘုန်း - နောက်ကို လူမလိုက်နဲ့ ၊လူ - နောက်ကို ဘုန်းလိုက်ပါစေ ။ ဘုန်း - မကြီးချင်ရင် ဘုန်းကကျောပေါ်တက်ပါလို့ ခေါ်မယ် ၊ အကျင့်မမှန်ရင် ဘုန်း - ကမင်းတို့ကို တံတားလေး ပို့မှာဘဲ ။

အကျင့်မှန်ရင် အဘဆရာတော်ကြီးများထံ ပို့မှာဘဲ ၊ အချိန်အခါမဟုတ်ဘဲ ဘုန်း-ကြီးချင်ရင် မိစ္ဆာ အုပ်စုထဲ ပါသွားမယ် ။

ဆေးစွမ်းမှန်းသိလို့ ဆေးကိုခေါင်းပေါ်ရွက်သွားရင် ဆေးက ထွက်ရပ်ပေါက်ကို ရောက်အောင်ပို့လိမ့်မယ် ။ မိမိအကျင့် မမှန်ပါက ထွက်ရာပေါက်ဂိတ် အဝင်ရောက်လျင် ထွက်ပေါက်မှားလိမ့်မယ် ။

အဲ့ဒါကြောင့် ဒို့အဖေကြီး ဘိုးတော်ဟန်ရဲ့ ဂိုဏ်းစစ် ဂိုဏ်းမှန် ဆေးစစ်ဆေးမှန်တွေ အတုမဖြစ်အောင် စောင့်ရှောက်ကြပါစို့ ။

သေခြင်းဆိုးအမျိုးမျိုးနဲ့ မသေရတဲ့ ဂိုဏ်းစစ်ရတနာ ဆေးစစ်ရတနာကို အသက်နဲ့လဲ၍ စောင့်ရှောက်ကြပါစို့ ။

အဘဘိုးတော်ပြူး ၊ အဘဘိုးတော်အေး ၊ အဘဘိုးတော်ပွင့် ၊ အဘဘိုးတော်ဟန်အထိ အသက်နဲ့လဲခဲ့ တဲ့ ဆေးတော်တွေကို အတုဖြစ်အောင် လုပ်ခဲ့ရင် ဂိုဏ်းကိုဖျက်တဲ့သူ တစ် - တရားခံ ဖြစ်ပါလိမ့်မယ် ။

ဆေးတော်တွေက ခေါင်းပြူမထွက်ရဲဘူး ၊ ငါ့များ ထုချေပြီး အတုလုပ်မလားလို့ စိုးရိမ်နေကြတယ် ။

ဂိုဏ်းစောင့်ဖြစ်တော်မူသော နတ်မင်းကြီးလေးပါးနဲ့ ပိဋကတ် သုံးပုံ အမေမယ်တော်ကြီးအား ထောက်ထား၍ လည်းကောင်း ၊ ဒို့သားအဖတွေက ဂိုဏ်း၏ မျက်နှာ ဆေးတော်၏မျက်နှာ ထောက်ထားခြင်းဖြင့် လူသာသေပါစေ ၊ ဂိုဏ်းတော်စစ် ဆေးတော်စစ် ဂိုဏ်းချုပ်ဆေးအစစ် မပျောက်ဖို့ကို ကာကွယ်စောင့်ရှောက် ကြပါစို့ဟု အဓိဌာန်ပြုရင်း နိဂုန်းချုပ်လိုက်ပါတယ် ။ @@

NetSay ( 29/11/2016 )

*****   *****   *****   *****   *****   *****   *****

No comments:

Post a Comment