Saturday, 22 July 2017
ရွှေရင်ကျော်ပညာသည် တစ်ဦးတစ်ယောက်ပိုင် မဟုတ်
•• " ရွှေရင်ကျော်ပညာသည် တစ်ဦးတစ်ယောက်ပိုင် မဟုတ် " ••
ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းတော်ကြီး - ဟူသည်ကား ... မင်းသားကြီးဦးအောင် ဟူသော မဟာသိဒ္ဓိရှင် ဝိဇ္ဇာဓိုရ် မှ အစပြုလျက် ၊ မင်းမျိုးမင်းနွယ် ရှင်ဘုရင် မျိုးရိုး ဖြစ်တော်မူသည့် စင်္ကြာမင်းသား ( ခ ) ဝိဇ္ဇာ အရှင်သူမြတ် အဘဘိုးတော်အေး တည်ထောင်ခဲ့သည့် သူတော်ကောင်းဂိုဏ်းတော် ၊ အထက်လမ်းစစ်စစ် ဂိုဏ်းတော် ဖြစ်၏ ။
မြင့်မြတ်သော သူတော်စင် ဝိဇ္ဇာများ တည်ထောင်သော ဂိုဏ်း ၊ စင်္ကြာမင်းမြတ်၏ သံလျက်ရိုး ... ဘုန်းရှိသည့်ဘုရင်ဝင်မှ အလိုလိုပွင့်သော ကနက္ကဒဏ် ထီးတော်စ ... တောင်နန်းစံဒေဝီ မဟေသီမိဖုရား၏ ပန်တော်ကျ ပန်း ၇ ပွင့် ... အစရှိသော အလွန်ရှားပါးသည့် သိဒ္ဓိဝင်ပစ္စည်းများ ပါဝင်စေလျက် ဝိဇ္ဇာ စစ်စစ် ဖော်စပ်ခဲ့သော ဆေးတော်သုံးသည့် ဂိုဏ်း ၊
သစ္စာ ၃ ချက်တည်နေသမျှ ကာလပါတ်လုံး... ကဝေအတိုက် စုန်းအတိုက် အောက်လမ်းအတိုက် နှင့် ပယောဂအတိုက်ဟူသမျှအား " ဟဲ့ ... တစ်ခွန်းငေါက် ၊ တောက် ... တစ်ချက် ခေါက်ယုံမျှဖြင့် ပူးဆိုပူး ၊ ကပ်ဆိုကပ် ၊ ဝင်ဆိုဝင် ၊ ထွက်ဆိုထွက် " ဂိုဏ်း၏ အာဏာစက်ဖြင့် နိုင်အောင် ကုသနိုင်သော ဂိုဏ်း .... ၊ မြွေဆိပ် ကင်းဆိပ် မှစ၍ အဆိပ်ဟူသမျှကို လက်ဖြင့်ရွယ်မိုး သပ်ချယုံမျှဖြင့်လည်းကောင်း ၊ သစ္စာရေ တစ်ခွက်တိုက်ယုံမျှဖြင့် လည်းကောင်း ၊ ပျောက်ကင်းအောင် အသက်ကယ်နိုင့်သည့် ဂိုဏ်း.... ၊ ဖြစ်သောကြောင့် ရွှေရင်ကျော်ပညာယူထားသည့် ရရှိထားသည့် ပညာညီအကို မောင်နှမများသည်ကား သာမာန်လူတို့ထက် ပိုမိုကံကောင်းသော ပါရမီရှင် ( ဝါ ) ပါရမီဖြည့်စည်းနေသူများသာ ဖြစ်လေသည် ။
တစ်ခါက .... ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန်သည် တပည့်များအား ပညာဖြန့်ဝေနေချိန်တွင် အရာရှိတစ်ယောက်သည် ဖိနပ်မချွတ်ပဲ အိမ်ပေါ်တက်လာသည်ဆို၏ ။ ထိုအရာကိုမြင်ရသော အဘဘိုးတော်ဟန်သည် အလွန်ဒေါသဖြစ်မိလေ၏ ။
" ဒီလို မိစ္ဆာတွေနဲ့ငါ့ပညာ မတန်ဘူး ၊ ငါသေလျင် ဒီဆေးတော်တွေ အကုန်မျိုပစ်မည် " ဟုဆုံးဖြတ်လျှက် ဆေးတော်များကို သေတ္တာထဲထည့် ၊ သော့ခတ်ကာ သိမ်းထားခဲ့သည် ဆို၏ ။
ထိုအခါ အဘဘိုးတော်အေး ကိုယ်တော်တိုင်ကြွရောက်လာပြီး " ဟေ့ .... မင်းတစ်ယောက်ထဲအတွက် ထောင်ထားတဲ့ဂိုဏ်း မဟုတ်ဘူးကွ ... " ဟူ၍ အဘဘိုးတော်ဟန်ကို ကြိမ်းမောင်းခဲ့ကြောင်း အဖေကြီးဦးမြခင်၏ မိန့်ခွန်းတွင် မှတ်သားဖူးပါသည် ။
" ကျွန်တော်နှင့်လည်းမဆိုင်ဘူး ၊ ခင်ဗျားနှင့်လည်း မဆိုင်ပါဘူး ၊ ဘယ်သူတွေနှင့်ဆိုင်သလဲဟု မေးရင် ... ကမ ၻာသူ ကမ ၻာသား အားလုံးနှင့်ဆိုင်တယ် ..... " ဟု အဖေကြီးဦးမြခင် မိန့်ကြားခဲ့ပါ၏ ။
ကမ္ဘာ့ဒေသ အသီးသီးရှိလူသားများသည် နေရာဒေသ ၊ ဖြစ်တည်ရာမျိုးရိုးဗီဇ ကွဲပြားမှူကြောင့် အတွေးအခေါ် ခံယူ ယုံကြည်ချက်များသည်လည်း ကွဲပြားနေမည်သာဖြစ်၏ ။
ရွှေရင်ကျော်ပညာသည် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ပညာဖြစ်သည်ဟုဆိုသောကြောင့် .... ရွှေရင်ကျော်ပညာယူထားသူများသည်လည်း ... ကွဲပြားသော ဒေသ ၊ မတူညီသောလူမျိုးများဖြစ်သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် ခံယူချက်မတူနိုင်ပေ ၊ ယုံကြည်ချက် ရပ်တည်ချက် ၊ စရိုက် ... စသည်ဖြင့် ကွဲပြားနေမည်မှာ အမှန်သာဖြစ်၏ ။
ပွင့်ပွင့်လင်းလင်း မေတ္တာရပ်ခံ တင်ပြလိုသည်မှာ ... ဆရာကြီး ၏ တပည့်သားသမီးများ အနေဖြင့် အခြားပညာညီအကိုမောင်နှမများ၏ မိမိနှင့်မတူသော နေထိုင်ပြောဆိုမှူ ၊ ၎င်းတို့ယုံကြည်ရာလုပ်ကိုင်နေမှူ များအပေါ် " ငါနှင့်မတူငါ့ရန်သူ " ဟု သဘောမထားကြဘဲ ..... မတူညီသည့်ကွဲပြားမှူများအပေါ် မေတ္တာတရားဖြင့် ဥပေက္ခာထားနိုင်ကြပါစေ ...
ဂိုဏ်းတော်နှင့်ဆေးတော်အပေါ် ဖောက်ပြန်သူတို့သည် အချိန်တန်သည့်အခါ အဘဘိုးတော်များ ပေးသည့် ဒဏ်ခတ်မှူဖြင့် ၎င်းတို့သဘော ၎င်းတို့ဆောင်သွားမည်သာဖြစ်ပေ၏ ။
ဆရာကြီး၏ တပည့်သားသမီးမြေးမြစ်များ အနေဖြင့် .......
အဖေကြီးဦးမြခင် မိန့်မှာတော်မူခဲ့သည့်အတိုင်း ...
ဂိုဏ်းတော်ကို မဝေဖန်ပါနှင့် ။ ကိုယ့်ဆရာသမားကို မဝေဖန်ပါနှင့် ။ ပညာညီအကိုအချင်းချင်း မကျော်လွှားပါနှင့် မနှိမ်ချကြပါနှင့် ။ ဂိုဏ်းတော်နှင့်ပညာညီအကို အားလုံးအပေါ် သစ္စာရှိကြပါ ။ သည်းခံခြင်းဟူသော ခန္တီတရားကို လက်မလွှတ်ကြပါနှင့် ............. ဟု ဥပဇ္ဈာယ်ဆရာ ဆရာကြီး ၏ ကျေးဇူးကို တန်ဖိုးထားခြင်းအားဖြင့် .. ကျွန်ုပ် NetSay မှ တိုက်တွန်း မေတ္တာရပ်ခံလိုက်ပါသည် ။
ဆရာကြီး၏ တပည့်သားသမီး မြေးမြစ်များ အားလုံးနှင့်တကွ .... ရွှေရင်ကျော်ပညာညီအကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ပါး ကျမ္မာ ချမ်းသာကြပါစေသတည်း ။
NetSay ( 29/11/2016 )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Labels:
မှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment