Saturday, 22 July 2017
မင်းတို့ စကားမိုးကြိုးသွားလော ( သို့ ) ဂိုဏ်းတော်ချုပ်၏ သစ္စာကတိကြီးမားပုံ
“ မင်းတို့ စကားမိုးကြိုးသွားလော ” ( သို့ ) “ ဂိုဏ်းတော်ချုပ်၏ သစ္စာကတိကြီးမားပုံ ”
ဂိုဏ်းတော်ချုပ်အဖဘိုးတော်ဟန်ကား အာဏာစက် ထက်မြက် ပြင်းထန် ရုံသာမက ......၄င်းအမှတ်တမဲ့ ပြောမိသော နှုတ်ထွက် စကားကိုလဲ အလွန်တစ်ရာ တန်ဘိုးထားပီး တည်မြဲလှသော ပါရမီရှင် ယောကျာ်းထူး ဖြစ်ပေသည် ။
တစ်ခါသော် ဂိုဏ်းတော်ချုပ်သည် ဇနီးသည် အမေကြီးဒေါ်ဖွားခင်နှင့် ဆံတစ်ပင်တင်း ချစ်ခြင်းမယား ဆိုသကဲ့သို့ ...လင်မယားတို့ ထုံးစံရှိသည်နှင့်အညီ ကတောက်ကဆ ဖြစ်ကြလေသည် ။ ထိုစဉ် အမေကြီးမှ ငွေကြေးကိစ္စအနည်းငယ်ကို မိန်းမသားတို့ ထုံးစံအတိုင်း ရန်တွေ့မိခဲ့လေသည် ။
ထိုအခါ မိမိတပည့်သားတို့ ရှေ့၌ ပြောခံရသဖြင့် ချစ်လှစွာသော ဇနီးမယားဖြစ်သော်လည်း ဂိုဏ်းတော်ချုပ်သည် ( ရှက်လဲအနည်းငယ်ရှက်သွားဟန်တူသည် ) အမေကြီးအား စိတ်ဆိုးသွားလေသည် ။
ထို့ကြောင့် ဂိုဏ်းတော်ချုပ်သည် ဂိုဏ်းမိခင်ကြီး အမေကြီးဒေါ်ဖွားခင်မျက်နှာအား စေ့စေ့ကြည့်ပီးလျှင် .. နောင် ၄င်း ထွက်ရပ်လမ်းကိုမြန်းသွားသည့်အချိန်ထိ တည်သွားမည့် စကားကိုပြောလိုက်လေတော့ သည် ။
“ ဟေ့ ဒီမယ် မဖွားခင် ... ကျုပ် ဒီနေ့ဒီအချိန်ကစပီး သေတဲ့အထိ ခင်ဗျားမသိဘဲ တစ်ပြားတစ်ချပ် ယူမသုံးတော့ဘူး အဲ့တာမှတ်ထား !!! ”
စကား ကားပြတ်သားလွန်းလှလေသည် ။
ထို့နောက် ဆေးလွယ်အိပ်ကို ကောက်လွယ်ပီး ထွက်သွားလေတော့သည် ။
ဖြစ်ခဲ့သောပြသနာကား ကြားလျှင်မေ့ပျောက် သွားကြသော်လည်း ဂိုဏ်းတော်ချုပ်ကား သာမာန် စိတ်ဆိုးစဉ်တွင်ပြောမိသော မိမိနှုတ်ထွက်စကားကိုပင် ဘယ်သော်အခါမှ ပြန် မပြင်ခဲ့ပေ ။
အမေကြီးလဲ တပည့်များရှေ့၌ပင် ဇနီးမယားကောင်း မိန်းမမြတ်တို့ အကျင့်အတိုင်း ဂိုဏ်းတော်ချုပ်အား ရှစ်ခိုးတောင်းပန်ခြင်း လင်မယားချင်း ချော့မော့ ပြောဆိုခြင်း ဖြင့် အပြစ်ကိုခွင့်လွှတ်ပါရန် နှင့် ရှေးယခင်ကအတိုင်း ပြန်နေပေးပါရန် တောင်းပန်လေသည် ။
သို့သော် ဂိုဏ်တော်ချုပ်ကား အပြစ်တို့ကိုသာခွင့်လွှတ်သီးခံ၍ ရှေးကဲ့သို့ အချစ်မပြယ်ဘဲ မိမိ ရှာဖွေရသမျှကို ဇနီးသည်အားအပ်နှံကာ ယခင်ကအတိုင်း နေသော်လဲ ......
ထို ပြောလိုက်သောစကားကိုမူ ....
အမေကြီး နှင့် တပည့်သားသမီးများက မည်မျှပင် ဖျောင်းဖျနားချ တောင်းပန်စေကာမူ မပြင်တော့ပေ ။
ယူသုံးစရာရှိလျှင် တစ်ပြားတစ်ချက်ကစပီး အမေကြီးအား အသိပေးပီးမှသာ ယူသုံးလေတော့သည် ။မယားပြောတော့တစ်ညဆိုသည်ကား....
ဂိုဏ်းတော်ချုပ်ကဲ့သို့ ပါရမီိရှင် ယောက်ျားမြတ်တို့အဖို့ ခြွင်းချက် သာဖြစ်ပေမည် ။ အမေကြီးအဖို့မူကား သေသည်အထိ စိတ်မကောင်းစရာ ဖြစ်သွားခဲ့လေတော့သည် ။
ထို့ပြင် ဂိုဏ်းတော်ချုပ်သည် သားသမီးမြေးမြစ်တို့အား အစဉ်သဖြင့် မှာကြားပြောလေ့ရှိသောစကားတစ်ခွန်းရှိသည် ။
ထိုကား....
ငါ့သားမြေးမြစ်တို့ စင်တော်ရှေ့ မှာ ဘယ်စကားကိုမှ လက်လွတ်စပယ် မပြောနှင့် မပြောအပ် ။
ဥပမာယူသော် ပညာယူစဉ် စင်တော်ရှေ့ ဆရာ့ရှေ့၌ ပယောဂမကုချင်ပါ ကိုယ်လုံအတွက်သာ ယူပါသည်ဆိုလျှင် နောင် ပယောဂ မတွေ့ဖြစ်တတ်ကြောင်း မှာကြားဖူးလေ့ရှိပါသည် ။
( စာရေးသူ ကျွန်ုပ် ကိုယ်တွေ့ ဖြစ်ပါသည် ။ )
သစ္စာကတိကြီးမားသော ရွှေရင်ကျော်ဣစ္ဆာဿယမဟိဒ္ဓိစေ ဂိုဏ်းတော်ချုပ် အဖဘိုးတော်ဟန် အား စံပြ ဥပမာ ယူပီး ပညာညီအစ်ကို မောင်နှမများ အားလုံး....
သစ္စာကတိတည်ကြည်ပီး နှုတ်ထွက်စကားကို လက်လွတ်စပယ် ဘယ်အခါမျှမပြောသော ....
ပြောပီးသောစကားကိုလဲ သေသည့်အထိ တည်သွားသော .....
ဂိုဏ်းတော်ချုပ်ကဲ့သို့ ရဲရဲတောက် ရွှေရင်ကျော်များ ဖြစ်ကြပါစေကြောင်း နှင့်
ဂိုဏ်းတော်ချုပ်အဖ ဘိုးတော်ဟန် အား ပိုမိုကြည်ညို နိုင်ကြစေရန် ရေးသားတင်ပြအပ်ပါသည် ။
ရွှေရင်ကျော်လုလင်
( အကိုးအကား ။ ။ ဂိုဏ်းတော်ချုပ်၏ လက်ရင်းတပည့်ကြီး ဆရာကြီးဦးခင်မောင်ထွေး ရေးသားသော စာအုပ်မှ ပြန်လည် မျှဝေပါသည် ။ စာအုပ်အား မျှဝေပေးခဲ့သော ဆရာကြီး ဦး ဇော်မင်း အား အထူး ကျေးဇူးတင်ရှိပါသည် )
Labels:
မှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment