Sunday, 23 July 2017
ရွှေရင်ကျော် နှင့် မြင်းဖြူရှင်နတ်
•• " အဖေကြီးဦးမြခင် "နှင့် မြင်းဖြူစီး၍ လာရှိခိုးရသော မြင်းဖြူရှင် ..... " ••
ရွှေရင်ကျော်ဂိုဏ်းတော်၏ ပယောဂ ကုထုံး နှင့် ပါတ်သက်သော သမိုင်းကြောင်းကို လေ့လာလျှင် ..... မြန်မာလူမျိုးအချို့ ယုံကြည်ကြသော ရိုးရာနတ်တစ်ပါးဖြစ်သည့် မြင်းဖြူရှင်နတ် သည် ကျေးဇူးတင်ထိုက်သော ပုဂ္ဂိုလ်အဖြစ် ပါဝင်ပါတ်သက် ခဲ့ကြောင်း အထင်အရှားတွေ့မြင်ရမည်ဖြစ်သည် ။
ဦးဖိုးကျား ရေးသားသည့် ၃၇ မင်း စာအုပ်တွင် မြင်းဖြူရှင်နှင့်ပါတ်သက်၍ *** ပုဂံ နရပတေ့စည်သူ သည် ( ၅၃၆ - ၅၇၄ ) မိမိ၏ မြင်းခံ ငပြည့် ကိုကွပ်ပြီးနောက် ၊ နတ်ကွန်း နတ်အိမ်ပေး၍ ပြည်သူတို့အား ပူဇော်စေသည် ။ မြင်းဖြူရှင်နတ် ဟုလည်းတွင်သည် ။ *** ဖေါ်ပြထား၏။
သို့သော် မြင်းဖြူရှင်သည် အခြားနတ်များကဲ့သို့ ရာဇဝတ်မှူဖြင့် သူများသတ်၍သေရသော နတ်မဟုတ်ဟု မြင်းဖြူရှင်မှ ပြောကြောင်း ။ ရည်စားအတွက် သေရခြင်းဖြစ်ကြောင်း မာနကြီးကြောင်း အင်မတန်ချောကြောင်း ၊ ဘုရင်မျိုးရိုးဖြစ်ကြောင်း ၊ အဖေကြီးဦးမြခင်မှ ပြောကြားဖူးသည် ။
အဘဘိုးတော်ဟန် ငယ်စဉ်က ရွာသူအစွဲ ပယောဂ တစ်ခုကို ကုသရာ စွဲရင်းတိုင်းရောက်စမ်းဟု အတိုက်စွဲရင်းကို ခေါ်ရမည့်အစား ဆိုင်ရာရောက်စမ်းဟု မှားယွင်းပြီး အမိန့်ပေးမိသည်ဆို၏ ။
ထို့ကြောင် ဝေဒနာရှင်၏ သက်ဆိုင်ရာရိုးရာ ဖြစ်သော
မြင်းဖြူရှင်သည် ဝင်ပူးလာရ၏ ။
အဘဘိုးတော်ဟန်သည် ပယောဂအစွဲဖြစ်သော ရွာသူ စုံးမက လိမ်ညာ၍ မြင်းဖြူရှင်ဟုပြောသည်ဟု ထင်ကာ ဆိုင်ရာချုပ်ခိုင်းထားလိုက်ရာ တင်ပုလ္လင် ချိတ် ထိုင်၍ မရတော့ ။ ထို့နောက် မီးစက်ရေစဉ်ဖြင့် ပက်ရန်လုပ်သောအခါ ... " ဟေ့ .. မင်း ဆရာလုပ်နေပြီး ဘာမှနားမလည်ဘူး ... ငါ့ကိုကြည့် ... မြင်းဖြူရှင်ကွ ... ငါ့ကိုလွှတ် .. " ဟုပြောလေသည်။
အဘဘိုးတော်ဟန်မှ မြင်းဖြူရှင်မှန်ရင် ထိုင်လို့ရစေဟု အမိန့်ပေးမှ တင်ပုလ္လင်ချိတ် ထိုင်နိုင်၏ ။
ထို့နောက် မြင်းဖြူရှင်သည် သူယောင်အစွဲဝင်သည့်အခါ မည်သို့ကြည့်တတ်ကြောင်း ၊ စုံး ဝင်လာလျှင်မည်သို့ ၊ နတ်စွဲဝင်လျှင်မည်သို့ ၊ စသည်ဖြင့် မိစ္ဆာအစွဲ များဝင်လာလျှင် သိရမည့် ၎င်းတို့၏ မူလသဘာဝ ဟန်ပန် အမူအယာ နှင့် ဓလေ့ စရိုက်များကို အဘဘိုးတော်ဟန်အား ပြောပြပေးခဲ့သည် ။
ဒေါသကြီးတတ်သည်မှာ မြင်းဖြူရှင်၏ ပင်ကိုယ် ဝသီ ဗီဇ ဇရိုက်ဖြစ်ကြောင်း ၊ သင်္ခေပနယျ ကုထုံးကျမ်း ရေးသားရာတွင် မြင်းဖြူရှင်၏ အကူအညီ ကျေးဇူးရှိကြောင်း ၊ ထို့ကြောင့် မြင်းဖြူရှင်နှင့်ပါတ်သက်သော ပယောဂ အစွဲများကုသရာတွင် သည်းခံ၍ သက်သက်ညှာညှာကုကြရန် အဘဘိုးတော်ဟန် မှာကြားခဲ့ကြောင်း အဖေကြီးဦးမြခင် မိန့်ကြားခဲ့၏ ။
အဖေကြီးဦးမြခင်သည် ရွှေရင်ကျော်ပညာ ယူခါစအချိန်၌ မြင်းဖြူရှင်နှင့် တွေ့ဆုံခဲ့ဖူး၏။ မြင်းဖြူရှင်မှ အဖေကြီးဦးမြခင်အား လာရောက်၍ ရှိခိုးတောင်းပန်ခဲ့ခြင်း ဖြစ်သည် ။
အဖေကြီးဦးမြခင် ပြောပြခဲ့သည့် ထိုအကြောင်းအရာအား ကောက်နုတ်ကိုးကား၍ အောက်ပါအတိုင်း ရေးသားတင်ပြလိုက်ပါသည်။
ဤအဖြစ်အပျက်သည် အဖေကြီးဦးမြခင် ရွှေရင်ကျော်ပညာ ယူထားခါစ အချိန်၊ ပယောဂ ကုသခြင်းကို ကြွမ်းကြွမ်းကျင်ကျင် မတတ်သေးခင် ကာလ၌ ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။
ရန်ကုန်ရှိ သင်္က္ကန်းကျွန်းအနီး လေးထောင့်ကန် အရပ်တွင် ကလေးအမေ အမျိုးသမီးတစ်ဦးရှိခဲ့၏ ။ ထိုအမျိုးသမီးသည် အသက် ၁၃ နှစ်အရွယ်ကတည်းကပင် တောင်ပြူံး မင်းညီနောင်များဖြစ်သည့် မင်းကြီးမင်းလေး နတ်နှစ်ပါးအနက် မင်းလေး နှင့် နတ်ရိုးရာ အယူအဆဖြင့် လက်ထပ်ထားခဲ့သည် ဆို၏။
တစ်နေ့၌ ထိုအမျိုးသမီး၏ ရင်သွေးဖြစ်သူ ကလေးငယ်သည် ၎င်း၏တံတောင်ဆစ် နှင့် ဒူးဆစ်များ နေရာ၌ အဆမတန် ယောင်ရမ်းလာ၏ ။ နီးစပ်ရာ ဆေးခန်းများတွင် ကုသသော်ငြား မသက်သာခဲ့ဘဲ ပို၍ ပို၍ ဆိုးရွား လာလေသည် ။
ထိုအမျိုးသမီးသည် တစ်ခုသောည၌ အိမ်မက် မက်၏ ။ သူမငယ်စဉ်ကတည်းက နတ်ရိုးရာယုံကြည်မှူဖြင့် လက်ထပ်ထားသော မင်းလေးမှ အိမ်မက်ပေးခြင်း ဖြစ်၏ ။
မနက်ဖြန် မနက်ပိုင်းတွင် သူမ၏ အိမ်ရှေ့သို့ ဆေးရောင်းသော အပြာရောင်ကားတစ်စီး ရောက်လာမည်ဖြစ်ကြောင်း၊ ထိုကားတွင် စွပ်ကျယ်ခပ်နွမ်းနွမ်းဝတ်ထားသူ ပါလာမည်ဖြစ်ကြောင်း၊ ထိုသူသည် မိစ္ဆာတို့၏ အတတ်အတိုက် မှန်သမျှအား နိုင်နင်းစွာ ကုသနိုင်သည့် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေပညာကို တတ်မြောက်ထားသည့် ဆရာတစ်ဦး ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုဆရာအား အိမ်သို့ပင့်၍ ခလေးအား ကုသလေ ဟု မင်းလေးမှ အိမ်မက်ပေးခဲ့လေသည် ။
နောက်တစ်နေ့ နံနက်တွင် ရွှေရင်ကျော်ပညာယူခါစ၌ စားဝတ်နေရေးအတွက် ဆေးဝါးရောင်းချသည့် အလုပ်ကို လုပ်သော အဖေကြီးဦးမြခင်သည် ဆေးရောင်းထွက်ရင်း ထိုအိမ်ရှေ့သို့ ရောက်ခဲ့လေ၏ ။ ထို့သို့ရောက်လာစေရန် မင်းလေးမှ တမင် ဖန်တီး ပြုလုပ်လိုက်ခြင်း ဖြစ်၏ ။
ကလေး၏ မိခင်ဖြစ်သူသည် နောက်တစ်နေ့ နံနက်တွင် အိမ်မက် မက်ခဲ့သည့်အတိုင်း အိမ်ရှေ့၌ ရပ်နားကာ ဆေးရောင်းနေသည့် အပြာရောင် ကားတစ်စီးအား အံ့သြဘွယ် တွေ့ရလေ၏။
ထို့ကြောင့် ဆေးရောင်းနေသော အဖေကြီး ဦးမြခင်အား အကျိုးအကြောင်း ရှင်းပြကာ သူမ၏ ကလေးငယ်အား ကုသပေးရန် ပင့်ဖိတ်သဖြင့် ထိုအိမ်သို့ တက်ရောက်ကာ စမ်းသပ်လေသည် ။
ကလေးသည် ၄ နှစ်အရွယ်ဖြစ်ပြီး မြေဘုတ်ဘီလူး တိုက်ထားခြင်းဖြစ်၏။
အဘဆရာတော်ကြီးများထံမှ ရေစဉ်တောင်း၍ ကလေး၏ ကိုယ်ခန္ဓာအား ၃ ကြိမ်သပ်ချလိုက်သော အခါ အဆမတန်ယောင်ရမ်းနေသော ဝေဒနာများသည် ချက်ခြင်းပင် လျော့ကျပျောက်ကင်း ခဲ့လေ၏ ။
အဖေကြီးသည် ကုသပြီးနောက် အိမ်ပြန်လာခဲ့သည်။
အိမ်သို့ရောက်၍ ထိုအကြောင်းပြန်စဉ်းစားသည်တွင်
ထိုကလေး အမှန်တကယ်ပျောက်ကင်းပါ့မလားဟူ၍ သို့လောသို့လော စိတ်များ အဖေကြီးဦးမြခင်၏ စိတ်တွင် ဖြစ်လာ၏ ။ ဆေးတော်စောင့်များမှ ကုထုံး မကျွမ်းကျင်သေးသော အဖေကြီးအား သတိပေးခြင်း ဖြစ်လေသည် ။
ထိုသံသယကြောင့် နောက် ၂ ရက်အကြာတွင် ထိုအိမ်သို့ ပြန်သွား၍ စမ်းသပ်သောအခါ မြေဘုတ်ဘီးလူး အစွဲသည် ပြန်ဖြစ်နေကြောင်း တွေ့ရလေသည်။
ထို့ကြောင့် အဖေကြီးဦးမြခင်၏စိတ်တွင် သံသယဖြစ်လာ၍ ကလေး၏ အမေ ဖြစ်သူအား စမ်းသပ်ကြည့်ရန် ပြော၏ ။
ထိုအမျိုးသမီးမှ အကြောက်အကန် ငြင်းဆန်၏။
ထိုအခိုက်အတန့်မှာပင် မင်းလေးနတ်သည် ၎င်းနှင့်လက်ထပ်ထားသော ထိုအမျိုးသမီးထံ၌ ဝင်ပူးလေ၏ ။
ဝင်ပူးသော မင်းလေးနတ်သည် အဖေကြီးဦးမြခင်အား အပြင်စက် ဘာ့ကြောင့် မဖြတ်သလဲဟု မကျေမနပ်ပြောဆိုလျက် အပြင်စက်ဖြတ်ရန် တောင်းဆို၏ ။ အဖေကြီးသည် ထိုအချိန်က ပညာယူကာစဖြစ်သော ကြောင့် အပြင်စက်ဖြတ်ရန် မေ့လျော့နေခဲ့သည်ဟု ဆိုသည် ။
မင်းလေးနတ်မှ အပြင်စက်ဖြတ်ရန် တောင်းဆိုရခြင်းမှာ ထိုအိမ်၏ ၃ လမ်းကျော်တွင်ရှိသော ပညာသည် စုံးမကြီးသည် မင်းလေးနတ်နှင့် လက်ထပ်ထားသူ ကလေးအမေကို မကျေနပ်၍ ကလေးအားတိုက်ထား၏ ။ ထိုအတိုက်ကို မင်းလေးနတ်မှ ဝင်၍ကာကွယ်ပေး၏ ။
မင်းလေးနတ်ကို မနိုင်သော ထိုပညာသည် စုံးမသည် ၎င်းး၏ ဆရာဖြစ်သူအောက်လမ်းဆရာအား အကူအညီ တောင်းခဲ့၏။
ထိုအခါ အောက်လမ်း ၊ စုံး ၊ နှင့် မြေဘုတ်ဘီလူးတို့ ပူးပေါင်း၍ ထိုအမျိုးသမီးမိသားစု၏ ရိုးရာနတ်ဖြစ်သော မြင်းဖြူရှင်နတ်အား ဦးဆောင်စေ၍ ပူးပေါင်းတိုက်ကြရာ မင်းလေးနတ် မကာကွယ်နိုင်တော့ပေ။
ထိုအမျိုးသမီးမိသားစု၏ ရိုးရာနတ်ဖြစ်သည့် မြင်းဖြူရှင်သည် ၎င်းအား ထိုမိသားစုမှ ၃၄ နှစ်တိုင်တိုင် ပူဇော်ခြင်းမရှိဘဲ ရိုးရာဖျောက်ထားသည်ကို မကျေနပ် သောကြောင့် အောက်လမ်း စုံး မြေဘုတ်ဘီလူး တို့အား ဦးဆောင်၍ ထိုအမျိုးသမီး၏ကလေးအား
ဒုက္ခပေးခြင်း ဖြစ်လေသည်။
ထိုသို့ ပူးပေါင်းတိုက်ခိုက်သည်ကို မင်းလေးနတ်မှ ကာကွယ်မပေးနိုင်တော့သောကြောင့် အဖေကြီးဦးမြခင်အား လာရောက်ကယ်တင် ကုသပေးစေရန် ၎င်းနှင့်လက်ထပ်ထားသော ထိုအမျိုးသမီးအား ဇာတ်လမ်းအစတွင် ဖေါ်ပြထားသည့်အတိုင်း အိမ်မက်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းများကို မင်းလေးနတ်မှရှင်းပြသည့် အတွက် အဖေကြီးဦးမြခင်မှ အပြင်စက်များ ဖြတ်ပေးလိုက်၏ ။
အပြင်စက်ဖြတ်လိုက်သောအခါ မြင်းဖြူရှင်ဦးဆောင်၍ တိုက်နေသော အောက်လမ်းစက် ပြတ်လေ၏ ။
ထိုအခါ မင်းလေးနတ်သည် ထိုအတိုက်စက်မှ လွတ်မြောက်သွား၏။ မင်းလေးနတ်သည် ဝမ်းသာလွန်းသဖြင့် ထ၍ခုံရာ အဖေကြီးဦးမြခင်က ၎င်းကို ပမာမခန့်လုပ်သည်ထင်သဖြင့် ကြမ်းခင်းအား လက်ဖြင့် ရိုက်၍ ငေါက်ငန်းတော့သည်။
အဖေကြီးမှ ငေါက်ငန်း၍ ကြမ်းပြင်အား လက်ဝါးဖြင့် မကြာခဏ ဗြောင်းဗြောင်းမည်အောင် ရိုက်နေရာ .. ဝင်ပူးနေသော မင်းလေးနတ်က
" ဟေ့ဆရာ ဘာလို့ ကြမ်းကို ဒီလောက် ရိုက်နေသလဲ ... ငါမခံနိုင်ဘူး.. အဆုပ်ပွင့်ထွက်မတတ်ခံရတယ် "
ဟု တောင်းပန်ပြောဆိုလေ၏။
ထို့နောက် မင်းလေးနတ် ပြန်ထွက်သွားလေသည်။
ထိုအဖြစ်အပျက်အား ပရိတ်သက် ၈၀ ခန့် လာရောက် ကြည့်ရှူခဲ့ကြသည်ဆို၏ ။
အဖေကြီးသည် မည်သို့ဆက်ကုရမည့် အကြောင်းအား စဉ်းစားရင်း ဝေဒနာရှင်ခလေးငယ်၏ အမေဖြစ်သူ ထိုအမျိုးသမီးအား အကဲခတ်နေခဲ့၏။
ထိုအမျိုးသမီးသည် ကြည့်နေရင်းနှင့်ပင် မျက်နှာကျောတင်းလာပြီး ယောင်္ကျားတစ်ဦးအသွင် ပြောင်းလာ၏။ အဖေကြီးအား မျက်ထောင့်နီဖြင့် မိုက်ကြည့်ကြည့်နေတော့၏။
ထို့ကြောင့် အဖေကြီးဦးမြခင်မှ ထိုအမျိုးသမီးအား ထပ်မံစမ်းသပ်ရန် ပြင်ဆင်၏။
ရုတ်ချည်းဆိုသလိုပင် ထိုအမျိုးသမီးသည် လက်မနှစ်ချောင်းအား မတ်နေအောင် ထောင်ကာ တကိုယ်လုံး တဆတ်ဆတ်တုန်ခါလျက် မြင်းဖြူရှင် ပူးဝင်လာလေတော့သည်။ ပါးစပ်မှ စီးမယ်ဟေ့ စီးမယ်ဟေ့ ဟုအော်ကာ ဝင်လာခြင်းဖြစ်သည် ။
အဖေကြီးဦးမြခင်မှ မေးသဖြင့် ၎င်းသည် မြင်းဖြူရှင် ဖြစ်ကြောင်း ပြောပြ၏ ။ ပယောဂ ကုမှာ မင်းကုမှာလား ၊ ပွဲထိုးမှာလားဟုမေး၏ ။
ကုရမည့်ပယောဂအစွဲသည် အင်အားများသော အစွဲဖြစ်သဖြင့် ပွဲထိုးပြီးကုရန် အသိပေးခြင်း ဖြစ်လေသည် ။
မြင်းဖြူရှင်သည် မာန်မာနကြီးသူဖြစ်သောကြောင့် စကားပြောသည့်အခါ အလွန်ရိုင်းတတ်၏။ ပွဲကြည့်ပရိတ်သက် ၈၀ ခန့်ရှေ့တွင် မြင်းဖြူရှင်က ထိုစဉ်က ကုထုံးမကျွမ်းကျင်သေးသော အဖေကြီးအား ဆရာဖြစ်ပြီးဆရာပါးမဝဟု ပမာမခန့်ပြောသောကြောင့် အဖေကြီးဦးမြခင်မှရှက်ပြီး အခုထွက်သွားစမ်းဟု အမိန့်ပေးရာ မြင်းဖြူရှင်သည် ထွက်ရန် ပြုရလေသည်။
သို့သော် အဖေကြီးမှ ကုထုံးမပြီးသေးသည်ကို သတိရ၍ မထွက်နဲ့ဟု အမိန့်ပေးပြန်ရာ မြင်းဖြူရှင်သည် မလွန်ဆန်နိုင်ပေ။ ပြန်ဝင်ရ၏ ။ ရွှေရင်ကျော်ပညာသည်ကား လိုအပ်သလို အမိန့်ပေး နိုင်သော စေပိုင်အာဏာပိုင် ပညာဖြစ်လေသည် ။
ထို့နောက်မြင်းဖြူရှင်သည် " ... ငါ့ကို အရင်လုပ်(အရင်ကု) ငါ့ကို အရင်မလုပ်ရင် --ီး မှ မပျောက်ဘူးကွ" ဟု ရိုင်းရိုင်းစိုင်းစိုင်း အပြောခံရခြင်းကို မကျေနပ်သော အဖေကြီးဦးမြခင်သည် အိမ်ပြန်ရောက်သောအခါ ကန်တော့ပွဲကိုကိုင်၍ " သားတပည့်အပေါ် ရိုင်းစိုင်း၍ အရှက်ခွဲသော မြင်းဖြူရှင်နတ်ကို အဘဆရာတော်များ ဆုံးမပေးတော်မူပါ အဘဆရာတော်ကြီးများဟူ၍ " တိုင်တည်လေတော့သည်။
ညသို့ရောက်လျင် အဖေကြီးသည် အိမ်ရှေ့တွင်ရပ်ထားသော ကားပေါ်သွား၍ ပုတီးစိပ်ပြီး အိပ်ရန်ပြင်လေ၏။
အိပ်မပျော်မှီ အချိန်တွင် လွန်စွာအံ့သြဘွယ်ကောင်းသည့် အခြင်းအရာတစ်ခုကို အဖေကြီးဦးမြခင် မြင်ရလေသည် ။
မြင်းဖြူရှင်နတ်သည် အရှေ့ဘက်အရပ်မှ ဆွတ်ဆွတ်ဖြူသော အဖြူရောင်မြင်းအားစီးလျက် အဖေကြီးဦးမြခင်ရှိရာသို့ ကြွလာလေသည်။ အဖေကြီးလှဲနေရာ ကားအရှေ့သို့ ရောက်လျှင် မြင်းဖြူရှင်သည် မြင်းပေါ်မှ ကျွမ်းကျင်စွာဆင်းလိုက်၏ ။
ထို့နောက်အဖေကြီးဦးမြခင် ရှိရာသို့ ကပ်၍လာပြီးနောက် မတ်တပ်ရပ်လျက် အနေအထားဖြင့် မြင်းဖြူရှင်နတ်သည် အဖေကြီး ဦးမြခင်အား ဦးသုံးကြိမ်တိုက်ကာ ရှိခိုးလေသည် ။
ထိုသို့ရှိခိုးတောင်းပန်ပြီးနောက် လွန်စွာ ယောင်္ကျားပီသသော အဆင်းဖြင့် ချောမောလှပသည့် အဖြူရောင်ဝတ် မြင်းဖြူရှင်နတ်မင်းသည် ၎င်း၏ အဖြူရောင်မြင်းကိုစီးလျက် အရှေ့ဘက်အရပ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ပါကြောင်း အဖေကြီးဦးမြခင်မှ ကုထုံးအကြောင်းမိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။
NetSay ( 30/11/2016 )
Labels:
မှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment