Friday, 30 June 2017

ပယောဂ-မာယာ ဝင်္ကဘာလို ကြွယ်ဝတဲ့ အလယ်တောရကျောင်းနှင့် မယ်သီလမအေးစိန် ( အဖေကြီးဦးမြခင်၏ ကုထုံး )




လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်၌ မအေးစိန်ဟု အမည်ရသည့် မိန်းမကြီးတစ်ယောက် ရှိခဲ့ဖူး၏။ ထိုမိန်းမကြီး၏ အမည်သည် မအေးစိန် ဟူ၍ ဖြစ်သော်လည်း အများကမူ "ဓားအေးစိန်" ဟုသာ ခေါ်ကြလေ၏။
"ဓားအေးစိန်" ဟူသော အမည်နာမအား အလကား ရခဲ့ခြင်းမဟုတ် ... ။ ရာဇဝင်ဇာတ်ကြောင်းဖြင့် ရခဲ့ခြင်းသာ ဖြစ်သည်။
မအေးစိန်သည် အိမ်ထောင်သည်တစ်ဦး ဖြစ်၏။ သားတစ်ယောက်နှင့် သမီးတစ်ယောက်လည်း ရှိ၏။ မအေးစိန်၏ ခင်ပွန်းသည်မှာမူ လက်ကြောမတင်းသော အရက်သမား တစ်ယောက်ဖြစ်လေ၏။
တစ်နေ့တွင် မအေးစိန်၏ ခင်ပွန်းသည် အရက်မူးလာပြီးနောက် မအေးစိန်အား ပြဿနာ ရှာတော့၏။ ဆဲဆိုကြိမ်းမောင်း၏။ မအေးစိန်ကမူ သည်းခံနိုင်သမျှ သည်းခံရှာ၏။ ဆဲဆို ကြိမ်းမောင်း၍ အားမရသော ခင်ပွန်းဖြစ်သူသည် ဓားဆွဲကာ မအေးစိန်အား သတ်မည် ဖြတ်မည် စသဖြင့် ခြိမ်းခြောက်လာလေသည်။
ထိုအခါ မအေးစိန်သည် ထိုင်နေရာမှ ဆတ်ကနဲ ထ၍ ရပ်လိုက်ပြီးနောက်
" ထိုးရဲလို့လား .. ထိုးရဲလို့ ဓားကိုင်တာလား ... "
ဆိုကာ ရင်ကော့ပေးလိုက်၏။ ယောက်ျားဖြစ်သူသည် ဒေါသအလျောက် ကြိမ်းမောင်းခြင်းသာ ဖြစ်သဖြင့် မထိုးဝံ့ပေ။ မထိုးရက်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။
ထိုအခါ မအေးစိန်သည် ယောက်ျားဖြစ်သူ၏ လက်ထဲမှ ဓားအား မရရအောင် လုယူပြီးလျှင်
"ဓားဆိုတာ ဒီလို ထိုးရဲမှ ကိုင်ရတာဟဲ့ "
ဟု ဆိုကာ ဆတ်ကနဲ ထိုးလေ၏။ ယောက်ျားဖြစ်သူသည် လွတ်အောင် ရှောင်၍ ပြေးရလေ၏။ မအေးစိန်က နောက်မှလိုက်ကာ ထိုး၏။ အိမ်နီးနားချင်းများ၏ ဖြန်ဖြေမှုကြောင့်သာ ယောက်ျားဖြစ်သူ အသက်ချမ်းသာ ရခြင်းဖြစ်လေ၏။
ထိုအချိန်မှစ၍ မအေးစိန်အား အများက "ဓားအေးစိန်" ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြလေသည်။ ယောက်ျားဖြစ်သူ သည်လည်း အရက်ပြတ်သွားလေတော့၏။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး များမကြာမှီ - မအေးစိန်၏ သားဖြစ်သူသည် မော်လမြိုင်ဘက်မှ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့လေ၏။
မအေးစိန်သည် ဒေါသကြီးသူ ဖြစ်သည့်အလျောက် ချွေးမဖြစ်သူနှင့် မျက်နှာကြော မတည့်ပေ။ မကြာခဏ အချင်းများလေ့ရှိ၏။ ထိုသို့ အချင်းများသည့် အခါတိုင်း သားဖြစ်သူသည် မိခင်ဖြစ်သူ မအေးစိန်ဘက်မှသာ အစဉ်ရပ်တည်လေ့ရှိ၏။ မအေချစ်သော သားပီပီ မယားဖြစ်သူအား ရိုက်နှက်လေ့ ရှိ၏။
ထိုအခါ ချွေးမဖြစ်သူသည် ခင်ပွန်းနှင့် ယောက္ခမတို့ အပေါ်၌ အငြိုးအတေး ဖြစ်လာလေ၏။ ထို အငြိုးအတေးကို လူမသိအောင် မြိုသိပ်လျက် လက်စားခြေရန် အခွင့်အခါကောင်းအား ကျားချောင်း ချောင်းကာ စောင့်ဆိုင်းနေလေသည်။
×××××××××××××××××××××××
အသက်အရွယ် ရလာပြီဖြစ်သော မအေးစိန် ခေါ် ဓားအေးစိန်ကြီးသည် လူဝတ်ကြောင်အား စွန့်လွှတ်ကာ မယ်သီလရှင်အဖြစ် သာသနာ့ဘောင်သို့ ဝင်ခဲ့ပြီဖြစ်၏။
တစ်နေ့တွင် ချွေးမဖြစ်သူမှ ဖိတ်ကြားသဖြင့် မယ်သီလ မအေးစိန်သည် သားနှင့်အတူ ချွေးမ၏ ဆွေမျိုးများရှိရာ မော်လမြိုင်ဘက်သို့ လိုက်သွား၏။
မော်လမြိုင်သို့ ရောက်သည့်အခါ ချွေးမဖြစ်သူသည် မယ်သီလအား ဆွမ်းကပ်၏။ ခင်ပွန်းဖြစ်သူကိုလည်း စားကောင်း သောက်ဖွယ်များဖြင့် ကြွေးမွေး ဧည့်ခံ၏။
ချွေးမဖြစ်သူကိုယ်တိုင် ချက်ပြုတ်သော ဆွမ်းဟင်းများအား မယ်သီလမအေးစိန်သည် လွန်စွာ ခံတွင်းတွေ့လေ၏။ ထို့ကြောင့် အဝအပြဲ စားသောက်ခဲ့၏။ သားဖြစ်သူသည်လည်း ၎င်း၏ မိန်းမ လက်ရာအား ချီးကျူးအား အားရပါးရ စားခဲ့လေသည်။
သူမ စီစဉ်ထားသော အစားအသောက်များအား အားပါးတရ စားသောက်နေသည့် ယောက္ခမနှင့် ခင်ပွန်းဖြစ်သူကို ကြည့်လျက် မယ်သီလ မအေးစိန်၏ ချွေးမဖြစ်သူသည် ကျေနပ်စွာ ပြူံးလိုက်လေ၏။
ထိုအပြူံးသည် ကောက်ကျစ်သော အပြူံးဟု ဆိုချင်က ဆိုနိုင်၏။ ယုတ်မာသော အပြုံးဟုလည်း ဆိုနိုင်၏။ စင်စစ် ထိုအပြူံးသည် ကာလများစွာ အောင့်အီးသည်းခံ ခဲ့ရသည့် အငြှိုးအတေးများအတွက် လက်တုန့်ပြန်လိုက်သော အပြူံးသာ ဖြစ်လေ၏။ ကလဲ့စားအပြူံးသာ ဖြစ်လေ၏။
ချွေးမဖြစ်သူသည် အောက်လမ်းဆရာတစ်ယောက်အား ငွေပေးကာ အပင်း စီရင်ခိုင်းခဲ့၏။ ကြက်မြစ်ကြက်သည်း များကို ငါးချဉ်သဖွယ်ဖန်တည်းကာ အပင်း စီရင်ထားခြင်း ဖြစ်၏။ ထိုအစာပင်းကို သူမ၏ ခင်ပွန်းနှင့် မယ်သီလ မအေးစိန်အား ကြွေးကာ အပင်းထည့်လိုက်ခြင်း ဖြစ်သည်။
မအေးစိန်၏ သားသည် ဇနီးသည်ကြွေးသည့် အောက်လမ်း စီရင်ထားသော အစာပင်း မိသွားသည့် အချိန်မှစ၍ သိသိသာသာ အချိုးပြောင်းသွားလေ၏။ ယခင်က အစဉ်သဖြင့် ဆဲဆိုကြိမ်းမောင်း ရိုက်နှက်နေတတ်သော ခင်ပွန်းသည်-သည် နူးညံ့ သိမ်မွေ့သွား၏။ မိန်းမဖြစ်သူအနား အချိန်ပြည့်နီးပါး ကပ်ကာ ချော့မော့နေလေတော့သည်။
အစာပင်းမိသွားခြင်းကြောင့် စိတ်ပြောင်းသွားသော မအေးစိန်၏ သားဖြစ်သူသည် မိန်းမ၏ ထမိန်အနားစလေးအား တို့ကာ ကိုင်ကာဖြင့် မယားခိုင်းစေသမျှ မငြင်းစတမ်း လုပ်ပေးနေတော့၏။
မယ်သီလ မအေးစိန်မှာမူ ချွေးမကြွေးလိုက်သည့် အစာပင်း မိသွားပြီးနောက် ရက်အနည်းအကြာတွင် သူမ၏ ဝမ်းဗိုက်သည် တဖြည်းဖြည်း ပူထွက်လာ၏။ ကိုယ်ဝန်ရှိသကဲ့သို့ ပူလာခြင်းဖြစ်၏။ ရက်ပိုင်းအတွင်း ရှစ်လ-ကိုးလ ကိုယ်ဝန်ဆောင်ထားသည့် ဗိုက်ကြီးသည် ဗိုက်ကဲ့သို့ ပူထွက်လာခြင်း ဖြစ်သည်။
ထိုဗိုက်ကြောင့် မယ်သီလမအေးစိန်အား အခြားသော မယ်သီလရှင်များမှ သံသယ ဝင်လာကြ၏။ ကဲ့ရဲ့ကြ၏။ ရှုတ်ချ အပြစ်တင်ကြ၏။ မယ်သီလမအေးစိန်သည် အရှက်တကွဲ ဖြစ်ရလေသည်။
ထို့အပြင် ယင်ကောင်နှင့် ခပ်ဆင်ဆင်တူသော အရှည်တစ်လက္မခန့်ရှိသည် အမျိုးအမည်မသိ အကောင် နှစ်ကောင်သည် မယ်သီလမအေးစိန် ခန္ဓာကိုယ်အနီးသို့ မကြာခဏ ရောက်လာတတ်၏။ မအေးစိန်အနီးတွင် တွန့်ကာ တွန့်ကာဖြင့် ပျံဝဲနေတတ်၏။
ထိုအကောင် နှစ်ကောင် ရောက်လာသည်နှင့် မယ်သီလ မအေးစိန်သည် မျက်ဖြူလန်ကာ 'တက်'လေသည်။ ထို့ကြောင့် မယ်သီလ မအေးစိန်သည် ထိုအကောင်များ ရောက်လာမည်ကို အစဉ်သဖြင့် ထိတ်လန့်နေရလေ၏။ ရောက်လာတိုင်းလည်း မျက်ဖြူလန်ကာ 'တက်' ရသည်ချည်း ဖြစ်သည်။
မယ်သီလမအေးစိန်သည် သူမခံစားနေရသော ဝေဒနာများအား ဆရာဝန်များနှင့် ကုသ၏။ မထူးခြားပေ။ မြန်မာဗိန္ဓောဆရာများဖြင့်လည်း ကုသ၏။ မထူးခြားပေ။ ပယောဂဆရာများဖြင့်လည်း ကုသပြန်၏။ အလားတူ ထူးခြားလာခြင်း မရှိခဲ့ခြေ .... ။
ဆရာအမျိုးမျိုး ဆေးအမျိုးမျိုးဖြင့် ကုသခြင်း ခံယူခဲ့သော်လည်း မယ်သီလ မအေးစိန်၏ ဗိုက်ကြီးသည် ပူမြဲပူနေလေ၏။ အကောင် နှစ်ကောင် ရောက်လာတိုင်း တက်မြဲတက်နေလေသည်။ ထိုဝေဒနာများအား မယ်သီလမအေးစိန်သည် တစ်နှစ်နှင့်ရှစ်လတိုင်တိုင် မချိမဆန့် ခံစားခဲ့ရရှာသည်။
ထို့ကြောင့် မအေးစိန်သည် သူမကိုသူမ သေလူအဖြစ် သဘောထားလိုက်ကာ သေမည့်အချိန်ကိုသာ စောင့်စားနေရှာလေ၏။
မိတ်ဆွေတစ်ယောက်၏ ဆက်သွယ်ပေးမှုကြောင့် မယ်သီလမအေးစိန်၏ ဝေဒနာအား ကယ်တင် ကုသပေးမည့် ဆရာတစ်ဦး ရောက်လာလေ၏။ ထိုဆရာသည်ကား ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းမှ အဖေကြီးဦးမြခင် ဖြစ်လေသည်။
အဖေကြီးဦးမြခင်သည် မယ်သီလမအေးစိန်အား စေ့စပ်စွာ စမ်းသပ်ပေး၏။ ထိုအခါ မအေးစိန်၌ အောက်လမ်းတိုက်၊ အောက်လမ်းပင်း မိနေကြောင်း သိရလေ၏။ ထို့ပြင် မယ်သီလမအေးစိန် နေထိုင်နေသည့် ဇရပ်အား သိမ်းပိုက်လိုသည့် အခြားမယ်သီလရှင်တစ်ပါးသည် ကျောင်းထိုင်ဆရာတော်အား အကူအညီတောင်းခဲ့သည် ဆို၏။ ထိုဆရာတော်သည် ၎င်းနှင့်သိကြွမ်းသော မြေနီကုန်းဘက်ရှိ သင်္ကန်းဝတ်ကာ ဘုန်းကြီးအသွင် ဟန်ဆောင်ထားသော အောက်လမ်းဆရာအား အကူအညီတောင်းကာ အင်းချပ်ဖြင့် ဇရပ်တိုက် တိုက်ထားကြောင်းလည်း စမ်းသပ်ရင်း သိရပြန်၏။
ထို့အပြင် မယ်သီလမအေးစိန်အား ကြည့်မရသည့် စုန်းပညာတတ်ကျွမ်းသည့် အမည်ခံမယ်သီလရှင် တစ်ပါးမှလည်း စုန်းတိုက် တိုက်ထားကြောင်း စမ်းသပ် သိရှိရပြန်သည်။
အဖေကြီးဦးမြခင်မှ အနံ့ပေး စမ်းသပ်ရန်အတွက် မယ်သီလမအေးစိန်၏ လက်ခုံအား
"ဟဲ့ .. မူလပြန်"
ဟု အမိန့်ပေးလိုက်ရာ မအေးစိန်၏ ပါးစပ်မှ
"ဖယ်စမ်းပါ"
ဟူသော ယောက်ျားအသံ သြသြကြီးသည် ထူးဆန်းစွာ ထွက်ပေါ်လာ၏။ မအေးစိန်အား ပြုစားထားသည့် စွဲရင်းတိုင်း အောက်လမ်းဆရာသည် မခေါ်ဘဲနှင့် ပူးကပ်လာခြင်းဖြစ်သည်။ အဖေကြီးဦးမြခင်က
"တယ်သတ္တိကောင်းတဲ့ ကောင်ပါလား ... ငါမခေါ်ဘဲ ဝင်လာရအောင် မင်းက ဘာမို့လဲကွ"
ဟုဆိုကာ အစွဲ၏ မျက်နှာအား လက်ဖြင့် ဖျောင်းကနဲ နေအောင် ဖြတ်ရိုက်လိုက်ရာ အစွဲသည် အနောက်သို့ လန်ကျသွားလေ၏။
"မင်း .. ငါ့အကြောင်း သိပြီလား "
ဟုမေးရာ ပူးနေသော အောက်လမ်းက သိပြီဖြစ်ကြောင်း
ခေါင်းညိမ့်ပြ၏။
ကဲ.. ဟေ့ကောင် ငါ့ကို ဘာလုပ်မှာလဲ၊ ပြောစရာရှိတာ မြန်မြန်ပြော.. ငါအချိန်မရှိဘူးကွ"
ဟုမေးရာ အောက်လမ်းသည် မည်သို့မျှ ခွန်းတုန့်ပြန်ခြင်း မရှိသဖြင့် နဖူးအား လက်ဖြင့်ပုတ်ကာ ထုတ်လိုက်ရာ ထွက်သွားလေ၏။
အစွဲထွက်သွားသည့်အတွက် ပြန်သတိလည်လာသော မယ်သီလမအေးစိန်အား
"တွေ့တဲ့အတိုင်းပဲ ဆရာလေးရေ၊ တိုက်ထားတာက စုံနေတာပဲလား၊ အောက်လမ်းတိုက် အောက်လမ်းပင်း၊ အင်းတိုက် မြေတိုက် ဇရပ်တိုက်၊ စုန်းအတိုက် .. ဒါတွေ ရှိနေလို့ ဆရာလေး ဒီလိုဒုက္ခတွေ ခံနေရတာ"
ဟု အဖေကြီးဦးမြခင်က ရှင်းပြရာ မယ်သီလမအေးစိန်က
"ကယ်နိုင်ရင် ကယ်ပါဦး ဆရာကြီးရယ်၊ အားကိုးပါတယ် ပျောက်အောင်ကုပေးပါ "
ဟု တောင်းပန်လေတော့သည်။
"ကောင်းပြီ၊ ဆရာလေး သဘောတူရင် ကုပေးမယ်၊ ကုသတဲ့အခါ အုန်းငှက်ပျော အစုံအလင် ကုပွဲ-ငါးပွဲ ထိုးရမယ်၊ တစ်ပွဲကို ငွေတစ်ရာစီ ထည့်ရမယ်၊ ဒါကိုရော သဘောတူရဲ့လား"
ဟု မေးလိုက်ရာ မယ်သီလမအေးစိန်က
"ဆရာလေးလဲ ဒီဝေဒနာ ခံရတဲ့အချိန်ကစပြီး ဟိုဆရာ ကောင်းတယ်ဆို ကုကြည့်လိုက်.. ဒီဆရာ ကောင်းတယ်ဆို ကုကြည့်လိုက်၊ ဟိုဆေးစားလိုက် ဒီဆေးစားလိုက်နဲ့ .. ငွေအတော်ကုန်လှပါပြီ ဆရာကြီးရယ်.. ၊ ငွေငါးရာတော့ မတတ်နိုင်လို့ပါ၊ ကန်တော့ပွဲ သုံးပွဲနဲ့ ငွေသုံးရာ လှုပါမယ် "
ဟု ပြောလာသဖြင့် အဖေကြီးဦးမြခင်မှ လက်ခံပေးလိုက်၏။
နောက်တစ်နေ့တွင် စတင်ကုသရာ စွဲရင်းတိုင်းဖြစ်သော သင်္ကန်းဝတ်ကာ ဘုန်းကြီးအဖြစ် ဟန်ဆောင်ထားသည့် အောက်လမ်းဆရာသည် ဝင်ပူးလာလေ၏။
ဝင်ပူးလာသော စွဲရင်း-အောက်လမ်းသည် အပြင်၌ အယောင်ဆောင် ဘုန်းကြီးတစ်ပါး ဖြစ်သဖြင့် ၎င်းဝင်ပူးနေသော မယ်သီလမအေးစိန်၏ ဝတ်ရုံအနားစအား မကာ-မကာဖြင့် မူလပြန်ပြလေ၏။ ၎င်းသည် ဘုန်းကြီးဖြစ်ကြောင်း မူလပြန်ပြခြင်းဖြစ်၏။ ထိုအရာကို အဖေကြီးဦးမြခင်မှ ရိပ်မိ၏။ သို့သော် မသိချင်ယောင်ဆောင်ကာ
"အခုဝင်လာတာ မိန်းမလား .. အခြောက်လားကွ "
ဟု မေးကာ စိတ်ဆွလိုက်လေရာ အစွဲသည် ဒေါသသံကြီးဖြင့်
"ငါ.. ဘုန်းကြီးကွ"
ဟု ပြန်ဖြေလေသည်။ စင်စစ် ဝင်လာသော အစွဲသည် အပြင်လောက၌ သင်္ကန်းဝတ်ကာ ဘုန်းကြီးအဖြစ် ဟန်ဆောင်ထားသော်ငြား ၎င်းသည် မိစ္ဆာစိတ်ရှိသော အောက်လမ်းဆရာတစ်ဦးသာ ဖြစ်လေ၏။
ဒေါသကြီး၍ ခေါင်းမာလွန်းသော ဘုန်းကြီးအောက်လမ်း ဘုန်းကြီးအောက်လမ်း ဆရာသည် နောက်ဆုံး၌ ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေပညာ၏ အစွမ်းကို မယှဉ်နိုင်ဘဲ လက်မြှောက် အရှုံးပေးရလေ၏။ အဖေကြီးဦးမြခင်သည်လည်း လိုအပ်သော ကုသမှုများ ပြုလုပ်ပေးကာ ထိုကျောင်းဇရပ်မှ ပြန်လာခဲ့သည်။
ထိုကျောင်းဇရပ်မှ အဖေကြီးဦးမြခင် ထွက်လာပြီး အချိန်အနည်းငယ်အကြာတွင် မယ်သီလမအေးစိန် နေထိုင်ရာ ဘေးကပ်လျက်ရှိဇရပ်မှ မယ်သီလရှင်တစ်ပါး ကြွလာ၏။ မအေးစိန် စားရန်ဟုဆိုကာ ပိန္နဲသီးများ လာပေးခြင်းဖြစ်၏။ အစားမက်သော မယ်သီလ မအေးစိန်သည် ထိုပိန္နဲသီးများအား အားရပါးရ စားလေတော့သည်။ ကြွလာသော မယ်သီလရှင်သည် မအေးစိန်အား အမောပြေသောက်ရန် သောက်ရေကို ကိုယ်တိုင်ခပ်ကာ တိုက်ပြန်၏။ မအေးစိန်ကလည်း ထိုရေကို တဂျိုက်ဂျိုက် သောက်ချလိုက်လေသည်။
နောက်တစ်နေ့ မနက်တွင် အဖေကြီးဦးမြခင်သည် ၎င်း၏အိမ်၌ ထိုင်နေရင်း မယ်သီလမအေးစိန် အကြောင်းအား စဉ်းစားမိလေသည်။ ထိုသို့ စဉ်းစားမိသည့်အခါ အဖေကြီး၏ စိတ်ထဲ၌ မသိုးမသန့် ဖြစ်သကဲ့သို့ ခံစားလာရ၏။ တစ်စုံတစ်ခုအား သံသယ ဝင်မိသလိုလို မသင်္ကာသလိုလို ခံစားလာရခြင်းဟု ဆို၏။ ထို့ကြောင့် မယ်သီလမအေးစိန်ရှိရာ ဇရပ်သို့ ထပ်မံသွားရောက်ခဲ့လေသည်။
ဇရပ်သို့ ရောက်သည့်အခါ ငူငူငိုင်ငိုင် ဖြစ်နေသော မယ်သီလမအေးစိန်အား တွေ့ရ၏။ ထို့ကြောင့် အဖေကြီးဦးမြခင်မှ ထပ်မံစမ်းသပ်ကြည့်ရာ ရွာသူအတိုက် မိနေကြောင်း သိရလေ၏။ ယမန်နေ့က ပိန္နဲသီးလာကြွေးသော မယ်သီလရှင်မှ ပိန္နဲသီးအား စုန်းအတတ်ဖြင့် စီရင်ကာ အစာပင်းထည့်လိုက်ခြင်း ဖြစ်သည်။
အဖေကြီးဦးမြခင်သည် မယ်သီလမအေးစိန်အား ဂရုဏာဒေါသဖြင့်
"ဆရာလေးရယ်.. ခင်ဗျားလဲ အတော်ကို အစားမက်တာပဲကိုး .. နောက်ကို ဆင်ခြင်ပါ "
ဟု အပြစ်တင်ပြောဆိုပြီးနောက် မိနေသော ရွာသူအတိုက်ကို ကုသပေးရပြန်သည်။
ရွာသူအတိုက်အား ကုသပေးပြီးနောက် နောက်ထပ် အတိုက်ပယောဂတစ်ခု ဖြစ်လာပြန်၏။ မယ်သီလ မအေးစိန်၏ သမီးသည် ထိုဇရပ်၌ပင် မိခင်နှင့် အတူနေ၏။ ထိုမိန်းခလေး၌ ယခင်ကတည်းက သိုက်စက်ရှိနေ၏။ ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ပညာအား ယှဉ်နိုင်စွမ်း မရှိသော အောက်လမ်းဆရာ ဘုန်းကြီးနှင့် ရွာသူ မယ်သီလရှင်တို့ ပူးပေါင်းကာ မအေးစိန်၏ သမီး၌ ရှိနေသော သိုက်စက်အား အကူအညီယူ၍ နှောက်ယှက်ကြခြင်းဖြစ်သည်။
ထိုအတိုက်ကြောင့် မအေးစိန်၏ သမီးသည် ဝုန်းဒိုင်းကြဲ သောင်းကျန်းလာသဖြင့် အဖေကြီးဦးမြခင်မှ သွားရောက်ကာ ရှင်လင်းကုသပေးရပြန်သည်။
သိုက်စွဲသည် ဝင်ပူးလာ၏။ အမျိုးသားတစ်ယောက်ဟု ဆို၏။ ၎င်း၏အမည်မှာ မောင်ဝဏ္ဏဟု ပြော၏။ ကာယကံရှင်အား ထပ်မံ မနှောက်ယှက်ရန် အဖေကြီးဦးမြခင်မှ ၎င်းအား " ကျွန်တော် မောင်ဝဏ္ဏသည် ယနေ့မှစ၍ -------- သမီး၊ မ-------- အား ......... " အစချီ၍ သစ္စာဆိုခိုင်းရာ ဝင်နေသော သိုက်စွဲမှ အသာတစ်ကြည်ပင် သစ္စာဆို၏။ ထိုရေကို သောက်၏။ ထို့နောက် ပြန်ထွက်သွားလေ၏။
သိုက်စွဲထွက်သွားသော်လည်း အဖေကြီးဦးမြခင်၏ စိတ်၌ တစ်စုံတစ်ခုအား မတင်မကျ ဖြစ်နေလေ၏။ ထို့ကြောင့် ထိုသိုက်စွဲအား ပြန်ခေါ်သွင်းရာ ချက်ခြင်းပင် ဝင်လာ၏။ အဖေကြီးဦးမြခင်မှ ထိုသိုက်စွဲအား "ကျွန်မသည် ယနေ့မှစ၍ ..... " ဟူကာ ကျွန်တော်အစား ကျွန်မဟူ၍ နာမ်စားပြောင်း၍ သစ္စာဆိုခိုင်းလိုက်ရာ ပထမအကြိမ် ကျွန်တော်ဟူ၍ ဆိုခိုင်းစဉ်က အလွယ်တကူ လိုက်ဆိုခဲ့သော သိုက်စွဲသည် ကျွန်မဟု ဆိုခိုင်းသည့်အခါ မဆိုတော့ပဲ အ-ထစ်၊အ-ထစ် လုပ်နေလေတော့သည်။
စင်စစ် သိုက်စွဲသည် အမျိုးသမီးတစ်ဦးသာဖြစ်၏။ သူမကိုယ်သူမ မောင်ဝဏ္ဏဟုဆိုကာ အမျိုးသားသဖွယ် ဟန်ဆောင်လှည့်စားကာ သစ္စာကို ညာ၍ ဆိုသွားခြင်း ဖြစ်သည်။ ပယောဂ၏ မာယာ အလှည့်တစ်ခု ဖြစ်၏။
ထိုအစွဲသည်လည်း အဖေကြီးဦးမြခင်၏ ကုသပေးမှုကြောင့် ပျောက်ကင်းခဲ့လေ၏။
မယ်သီလမအေးစိန်သည်လည်း ကျမ်းကျမ်းမာမာဖြင့် စိတ်ချမ်းသာစွာ နေနိုင်သွားပြီ ဖြစ်၏။ ရက်သတ္တပါတ် အနည်းငယ်အကြာတွင် မအေးစိန်၏ ဇရပ်အား အပိုင်ဆီးလိုသည့် အခြားမယ်သီလရှင်တစ်ပါး ရောက်လာပြန်သည်။ ထိုမယ်သီလရှင်မှ မအေးစိန် ဇရပ်တွင် မယ်တော်ကြီးဂမုန်းပင် ထားရန်အကြံပေး၏။ မအေးစိန်မှ လက်ခံသည့်အတွက် ပန်းအိုးတွင် ကျကျနန စိုက်ထားသော မယ်တော်ကြီးဂမုန်းပင်အား ထိုမယ်သီလရှင်မှ ယူလာပေးလေသည်။
ရိုးအလွန်းလှသည့် မယ်သီလမအေးစိန်သည် ဘုရားစင်နှင့် တစ်ပြေးညီ စင်ထိုးကာ ထိုပန်းအိုးအား တလေးတစား တင်ထားလေ၏။
မအေးစိန်၏ အခြေအနေအား အကဲခတ်ရန် ရောက်လာသော အဖေကြီးဦးမြခင်သည် ထိုဇရပ်သို့ ရောက်သောအခါ ၎င်း၏နှာခေါင်း၌ ဆနွင်းနံ့လိုလို စိမ်းရွှေရွှေ အနံ့တစ်ခု ရနေသဖြင့် မသင်္ကာဖြစ်မိ၏။ ခေါင်းထဲ၌ မူးကနဲ မိုက်ကနဲ ဖြစ်ဖြစ်လာ၏။ ထို့ပြင် မယ်တော်ကြီးဂမုန်းပင်အား ကြည့်လိုစိတ်သည် မကြာခဏ ဖြစ်ဖြစ်နေသဖြင့် ပို၍ မသင်္ကာဖြစ်လာမိ လေသည်။
ထို့ကြောင့် မအေးစိန်အား ထပ်မံစမ်းသပ်ကြည့်ရာ အစိမ်းတိုက် မိပြန်လေ၏။ မယ်တော်ကြီးဂမုန်း စိုက်ထားသော ပန်းအိုးအတွင်း အောက်လမ်း အတတ်ဖြင့် စီရင်ပြီး မအေးစိန်အား အစိမ်းတိုက် တိုက်ထားခြင်းဖြစ်သည်။ ရိုးအလွန်းသဖြင့် လူတကာအပေါ် ယုံကြည်စိတ် လွန်ကဲလွန်းလှသည့် မယ်သီလမအေးစိန်အား
"ခင်ဗျားဗျာ ... တော်တော် အသုံးမကျတဲ့ မိန်းမ "

ခင်ဗျားဗျာ ... တော်တော် အသုံးမကျတဲ့ မိန်းမ "
ဟုပင် အဖေကြီးဦးမြခင်မှ အပြစ်တင်မိလေသည်။
ထိုအစိမ်းတိုက်အား ရှင်းလင်းကုသပေးရ ပြန်၏။ အစိမ်းတိုက်-တိုက်ထားသော မယ်တော်ကြီးဂမုန်းပင် ထည့်ထားသည့် ပန်းအိုးအား အဖေကြီးဦးမြခင်မှ အမိန့်တော်ပြန်ကာ ပေါက်ခွဲပြစ်လိုက်လေ၏။
နည်းအမျိုးမျိုးဖြင့် ကြံကြသော်လည်း အောင်မြင်ခြင်း မရှိကြသည့် အောက်လမ်းဆရာ ဘုန်းကြီးနှင့် ရွာသူ မယ်သီလရှင်တို့သည် အခြား ဘုန်းကြီးတစ်ပါးအား အကူအညီတောင်းကာ မယ်သီလမအေးစိန်အား အကောက်ကြံကြပြန်၏။ မအေးစိန်နေထိုင်ရာ ဇရပ်အား မရမခြင်း တိုက်နေကြခြင်း ဖြစ်သည်။
အချိန်တစ်လခန့်အကြာတွင် မအေးစိန် နေထိုင်ရာ ဇရပ်သို့ ဘုန်းကြီးငယ်တစ်ပါး ကြွလာလေ၏။ ထိုဘုန်းကြီးသည် လွန်စွာ သပ္ပာယ်ဖွယ် ကောင်းလှသည့် ဒက္ခိဏသာခါ ဆင်းတုတော် တစ်ဆူအား မယ်သီလမအေးစိန် ကိုးကွယ်ရန် လှုဒါန်းရာ မအေးစိန်မှ အားရဝမ်းသာ လက်ခံလိုက်၏။ အလှုရှင် ဘုန်းကြီလေး ပြန်ကြွသွားသည့်အခါ ထိုဆင်းတုတော်အား ဘုရားစင်ပေါ်တင်ကာ ကိုးကွယ် ပူဇော်ထားလေ၏။
ထိုနေ့မှစကာ မအေးစိန်နေသည့် ဇရပ်၌ သရဲခြောက်လေတော့၏။ ပလေကပ်ပုဆိုး ဝတ်ကာ ဟိုမှသည်သို့ လျှောက်ပြနေသည့် သရဲအား မယ်သီလ မအေးစိန် မြင်နေရလေ၏။ မအေးစိန်သည် လွန်စွာ ကြောက်ရွံ့ကာ ထိုဇရပ်၌ မနေဝံ့အောင် ဖြစ်လာ၏။ ထို့ကြောင့် အဖေကြီးဦးမြခင်အား ထပ်မံ ပင့်ဖိတ်ရပြန်၏။
အဖေကြီးဦးမြခင်မှ စမ်းသပ်ကြည့်ရာ ဘုန်းကြီးလေး ယူဆောင်လာသော ဆင်းတုတော်၌ အစိမ်းတိုက် ရှိနေကြောင်း ပေါ်လာ၏။ ထိုဆင်းတုတော်အား စစ်ဆေးကြည့်ရာ အတွင်း၌ အင်းချထားသော လူသေအရိုးအား တွေ့ရလေသည်။ ဇရပ်အတွင်း မအေးစိန် မနေရဲစေရန် အစိမ်းသေ၏ လက်ဖျံရိုးအား အင်းချပြီး ဆင်းတုတော်အတွင်းထည့်ကာ အစိမ်းတိုက် တိုက်ထားခြင်း ဖြစ်သည်။ အဖေကြီးဦးမြခင်သည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေပညာ၏ အစွမ်းဖြင့် အစိမ်းတိုက်အား ကုသရှင်းလင်းပြီးနောက် ထိုဆင်းတုတော်အား ဇရပ်နှင့်ဝေးရာ၌ ထားပြစ်ရ၏။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် တစ်လခန့် အကြာတွင် မအေးစိန်၏ ဇရပ်သို့ ဧည့်သည် အမျိုးသား တစ်ဦး လာရောက်တည်းခို၏။ ထိုသူသည် မယ်သီလ မအေးစိန်နှင့် အတူနေသော မယ်သီလရှင်၏ သူငယ်ချင်းဖြစ်သူ တစ်ယောက်၏ မောင်တော်စပ်သည် ဆို၏။ အညာဘက်တွင် နေ၏။ အညာဘက်မှ ဆေးရွက်ကြီးများ သယ်ဆောင်လာကာ အောက်ပြည် အောက်ရွာတွင် ပြန်လည်ရောင်းချခြင်း ဖြစ်၏။
ရက်အနည်းငယ် အကြာတွင် ထိုဧည့်သည် ပြန်သွား၏။ သို့ရာတွင် ထိုဧည့်သည်၏ လွယ်အိတ်ငယ်သည် ဇရပ်၌ ကျန်ရစ်ခဲ့၏။ မယ်သီလမအေးစိန်သည် ငိုငိုရယ်ရယ်ဖြင့် မကျန်းမမာ ဖြစ်လာပြန်သည်။ အဖေကြီးဦးမြခင်အား ပင့်ရပြန်၏။ စမ်းသပ်ကြည့်သောအခါ အင်းတိုက် တိုက်ထားကြောင်း ပေါ်လာပြန်သည်။
အသေးစိတ် စစ်ဆေးကြည့်ရာ အညာသားဧည့်သည် ကျန်ခဲ့သော လွယ်အိတ်ထဲ၌ ဆေးရွက်ကြီးများကြား ရောညှပ်ထားသည့် အင်းတိုက်အား တွေ့ရလေ၏။ ထိုအင်း၌ ဘီလူးပုံ လေးပုံရေးဆွဲထားပြီး " ရူးစေ၊ သေစေ၊ ပျက်စေ၊ ထွက်စေ " ဟု ရေးထား၏။ အောက်လမ်းဆရာ နှင့် ရွာသူတို့ ပူးပေါင်းကာ အင်းဖြင့် လှည့်၍ တိုက်လိုက်သော အင်းတိုက်ဖြစ်လေသည်။ ထိုအင်းတိုက်အား အဖေကြီးဦးမြခင်မှ ရှင်းလင်းကုသ ပေးရပြန်သည်။
အင်းတိုက်အား ကုသပေးပြီးနောက် မယ်သီလ မအေးစိန်သည် အနှောက်အယှက် ကင်းသွားလေ၏။ သို့သော် သုံးလခန့်အကြာတွင် ဖောက်လာပြန်၏။ ထိုသတင်းကိုကြားရသော အဖေကြီးဦးမြခင်သည် မအေးစိန်၏ အခြေအနေအား လာရောက် အကဲခတ်ခဲ့၏။ ထိုအခါ မယ်သီလမအေးစိန်သည် မျက်စိကလယ်ကလယ်နှင့် တောင်ကြည့်လိုက် မြောက်ကြည့်လိုက် ကနာမငြိမ်ဖြစ်နေကြောင်း တွေ့ရပြန်လေသည်။
အဖေကြီးမှ "ဟဲ့... မူလပြန်စမ်း" ဟု အမိန့်ပေးလိုက်ရာ မယ်သီလမအေးစိန်၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ခါလျှက် အစွဲဝင်ရောက်လာလေ၏။ ထိုအစွဲမှ
"ကျုပ်က ဘုန်းကြီးပါ ဒကာကြီး.. ဒီတောရကျောင်းရဲ့ မူလပထမ ကျောင်းထိုင်ဆရာတော် ဖြစ်ခဲ့သူပါ "
ဟု ပြောလေရာ အဖေကြီးဦးမြခင်သည် အံ့သြသွားရ လေသည်။
"ဟောဒီ ကျောင်းတိုက်ကြီးက ကြီးလဲကြီး မြေနေရာလဲ ကျယ်လွန်းတော့ လောဘစိတ်နဲ့ အပိုင်စီးချင်တဲ့ ကိုယ်တော်တစ်ပါးက အောက်လမ်းဆရာနဲ့ ပေါင်းတိုက်လို့ ကျုပ် ပျံလွန်တော်မူခဲ့ရတာ ..... ၊ ကျုပ် ဝိဉာဉ်ကိုလဲ အောက်လမ်းဆရာက ချုပ်ထားတော့ မကျွတ်နိုင်ဘူးလေ၊ သရဲကြီးဘဝနဲ့ နေရတာ ကြာခဲ့ပါပကောလား ၊ အခုလဲ ကျုပ်ကို ချုပ်ထားတဲ့ အောက်လမ်းဆရာက ခိုင်းလို့ မယ်သီလမအေးစိန်ကို ပြုစားရတာပါ ဒကာကြီး "
ဟု သရဲကြီးတဖြစ်လဲ ကျောင်းထိုင်ဆရာတော်မှ ရှင်းပြလေသည်။ အဖေကြီးဦးမြခင်သည် ထိုသရဲစွဲအား ကုသပေးရပြန်၏။
အလယ်တောရကျောင်းသည် ကျောင်းဝန်း ကျယ်သလောက် ပယောဂကြွယ်လွန်းသည့် နေရာဆိုး တစ်ခုဖြစ်လေ၏။ ထိုကျောင်းဝန်းထဲရှိ မယ်သီလရှင် အကြီးအကဲအား အခြားမယ်သီလတစ်ပါးမှ သောက်ရေ လာကပ်၏။ မယ်သီရှင်ကြီးမှ မသောက်လိုသေး၍ ငြင်းလိုက်၏။ ထိုရေကို အနီးရှိ မယ်သီလတစ်ပါးမှ ယူသောက်လိုက်ရာ ခဏအကြာတွင် စိတ်လွတ်ကာ ရူးသွပ်သွားလေ၏။ ထိုအစွဲကိုလည်း အဖေကြီးဦးမြခင်မှ ကုသပေးရပြန်သည်။
ထို့အပြင် ထိုတောရကျောင်းဝန်းအတွင်း၌ ခွေး အလွန်ပေါ၏။ မကြာခဏ ကိုက်လေ့ရှိ၏။ အကိုက်ခံရသူသည် များမကြာမှီ သေဆုံးရလေသည်။ ဤသို့ဖြစ်ခြင်းအား ခွေးတိုက်ဟု ခေါ်၏။ ထိုအတိုက်များကိုလည်း အဖေကြီးဦးမြခင်မှပင် ရှင်းလင်းပေးခဲ့ရပြန်သည်။
စင်စစ် အလယ်တောရကျောင်းတည်ရှိရာ မြေသည် မသန့်သောမြေနေရာဖြစ်၏။ မြေပုပ်ဖြစ်၏။ မြေယုတ် မြေဆိုး ဖြစ်၏။ ဤသို့သော မြေမျိုးသည် အောက်လမ်း မိစ္ဆာ၊ စုန်း၊ကဝေ တစ္ဆေသရဲတို့ အလွယ်တကူ အတိုက် ပြုလုပ်နိုင်ကြောင်း၊ အတိုက် တစ်ခုပြီးတစ်ခု ပြုလုပ်လေ့ရှိကြောင်းကို အဖေကြီးဦမြခင်မှ ရှင်းပြခဲ့လေသည်။

NetSay (13/01/2017)

( အထက်ပါဇာတ်လမ်းအား အဖေကြီးဦးမြခင် မိန့်ကြားခဲ့သည် ကုထုံးသြဝါဒအား ကိုးကားကာ ပြန်လည်ရေးသား တင်ပြခြင်း ဖြစ်ပါသည် )


No comments:

Post a Comment